Homeပြည်တွင်းသတင်းမူဆယ်မြို့အနီးမှာ မြောက်ပိုင်းညီနောင်တပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား

မူဆယ်မြို့အနီးမှာ မြောက်ပိုင်းညီနောင်တပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား

၁ နိုဝင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့အနီး မန့်မိုင်ဒေသမှာ ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက် ၇ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မူဆယ်နဲ့ ၁၀၅ မိုင်ကြား မန့်မိုင်ဒေသမှာ မနက် ၇ နာရီဝန်းကျင်က ပစ်ခတ်သံတွေ နာရီဝက်လောက်ကြားရပြီး မြောက်ပိုင်းညီနောင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်နိုင်တယ်လို့ ဒေသခံတွေက လူမှုကွန်ယက်မှာ တင်နေကြပါတယ်။

မူဆယ်မြို့ ၊ ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်းရှိတဲ့ မန့်မိုင်ဘက်က ပစ်ခတ်သံကြားရတာ ဖြစ်ပြီး မန့်နိုင်ကုန်းတကြောမှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဖြစ်တဲ့ TNLA ၊ MNDAA ၊ AA အပြင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဖြစ်တဲ့ KIA တပ်တွေလည်း ရှိတယ်လို့ ဒေသံတွေက ဆိုပါတယ်။

“မူဆယ်နဲ့ ၁၀၅ မိုင်ကြားမှာ ဖြစ်တာ၊ ဖြစ်ဖြစ်ချင်းကတော့ သေနတ်သံကော လက်နက်ကြီးသံကော ကြားရတယ်။ ဖြစ်တာက နာရီဝက်လောက်တော့ကြာမယ်။ မူဆယ်ဘက်က စစ်ရှောင်တဲ့သူတွေ ဘာတွေတော့မရှိသေးဘူး။ လောလောဆယ် စက်သုံးဆီက တလီတာကို ၁၅၀၀၀ ပေါက်တယ်”လို့ မူဆယ်ဒေသခံ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“မူဆယ်ထဲတော့မဖြစ်ဘူးပေါ့။ ပုံမှန်သွားလာနေကြပါတယ်။ အပြင်ဖက်ပေါ့။ ၁၀၅ ဖက်ထင်တယ်။ ဒီဘက်က လှန်းပစ်တယ်လို့လည်း ပြောတာပဲ။ ” လို့ သူက ဆက်ပြီး ပြောပြပါတယ်။

မူဆယ်အနီးတဝိုက်ကျတော့။ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တပ်ဖွဲ့ဝင်တွေ အကုန်ရှိပြီး တိုက်ပွဲသံဟာ AA နေရာယူထားတဲ့နေရာတဝိုက်မှာ ကြားရတာ ဖြစ်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read