Homeပြည်တွင်းသတင်းဖလမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကြီးပေါက်ကွဲပြီး ကျောင်းဆရာမတစ်ဦး သေဆုံး

ဖလမ်းမြို့တိုက်ပွဲမှာ စစ်ကောင်စီလက်နက်ကြီးပေါက်ကွဲပြီး ကျောင်းဆရာမတစ်ဦး သေဆုံး

၂၉ အောက်တိုဘာ၊ ၂၀၂၄

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာတိုက်ပွဲတွေ ဖြစ်ပွားနေပြီး အောက်တိုဘာ ၂၈ ညပိုင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျောင်းဆရာမတစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

ဖလမ်းမြို့အောက်ပိုင်းမှာ အောက်တိုဘာလ ၂၅ က ၂၇ ထိ CNDF နဲ့ စစ်ကောင်စီတပ်ကြား သုံးရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၈ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ တလန်လိုရပ်ကွက်ကို ကျရောက်ပြီး ဒီရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Van Cer Cin) ရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖလမ်းမြို့ပေါ်တိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာရှိပြီး အများစုက ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်မှာ တောင်ယာလုပ်ကိုင်နေတဲ့ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး ၁ ဦးတို့လည်း စစ်ကောင် စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဟားခါး၊ ထန်တလန်မှာ လည်း ချင်းပြည်ကောင်စီပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

အောက်တိုဘာ ၂၈ရက် တစ်နေ့တည်းမှာပဲ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့် ဟားခါးမြို့ ရုန်းတောင်ရပ်ကွက်က အမျိုးသား ၁ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပုံစာ – ဖလမ်းမြို့နယ်က အရပ်သားလူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်စီးနေပုံ (ပုံဟောင်း)

Photo – CNDF

ဆက်စပ် သတင်းများ

Most read