၂၈ အောက်တိုဘာ၊ ၂၀၂၄
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီတပ်တွေ ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ပြည်သူတစ်ဦးကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ပြီး ၄ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၂၅ရက် ညပိုင်းမှာ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာ ထီးလင်းမြို့နယ် ကျားခဲရွာကို မနက် ၄ နာရီမှာ ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးဖို့ ကြိုးစားပါတယ်။
ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဒေသခံရွာသားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦးမှာ နေရာမှာတင် သေဆုံးပြီး အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လူလတ်ပိုင်းအမျိုးသား ၄ ဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အော်သံတွေကို အကြာကြီး အကျယ်ကြီး ကြားနေရကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ အလောင်း ၅ လောင်းကို ရွာထိပ်ဇရပ်မှာ ထားခဲ့ကြတယ်လို့ သိရပါတယ်။
မီးရှို့သတ်ဖြတ်ခံရသူ ၄ ဦးဟာ အသက် ၃၀ နှင့် ၄၀ ကြားအရွယ်တွေ ဖြစ်တဲ့ ကိုသန်းစိန်မင်း၊ ကိုမျိုးကျော်၊ ကိုမင်းသူနဲ့ ကိုဝင်းဆန်းဦးတို့ဖြစ်ကြပြီး ပစ်ခတ်သတ်ဖြတ်ခံရသူမှာ အသက် ၃၀ အရွယ် ကိုနေဆန်းဝင်းဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ နောက်ထပ် ပြည်သူ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ထီးလင်းမြို့ပေါ်ကို ပြန်သွားကြတယ်လို့ သိရပါတယ်။
ပုံစာ – မီးရှို့ခံထားရတဲ့ ကျားခဲရွာထိပ်ဇရပ်
Photo – CJ