Homeပြည်တွင်းသတင်းမြန်မာရွှေ့ပြောင်း သင်ကြားရေးစင်တာတစ်ခု ထပ်ပိတ်ခံရပြီး ဆရာမတစ်ယောက်ကို ဖမ်းဆီး

မြန်မာရွှေ့ပြောင်း သင်ကြားရေးစင်တာတစ်ခု ထပ်ပိတ်ခံရပြီး ဆရာမတစ်ယောက်ကို ဖမ်းဆီး

၇ အောက်တိုဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ချုံဖွန်ခရိုင်၊ ယန်ငန်ရွာက မြန်မာရွှေ့ပြောင်းသင်ကြားရေးစင်တာတစ်ခုကို အဖွဲ့စုံက ဝင်ရောက် စစ်ဆေးပြီးနောက် ဥပဒေနဲ့မညီတဲ့အတွက် ပိတ်ခံလိုက်ရပြီး ဆရာမတစ်ယောက်ကိုတော့ အလုပ်လုပ်ကိုင် ခွင့်အထောက်အထားမှာ ပါတဲ့အလုပ်နဲ့ မကိုက်ညီတဲ့အတွက် ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီရွှေ့ပြောင်းသင်ကြားရေးစင်တာဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မူလတန်းအရွယ် ကလေးငယ် ၅၀ နီးပါးကို စာသင်ပေးနေတာ ဖြစ်ပြီး အောက်တိုဘာ ၃ ရက်က အဖွဲ့စုံ ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချိန်မှာ သင်ကြားပေးနေတဲ့ ဆရာမက အထောက်အထားလက်မှတ်လို့ခေါ်တဲ့ ပန်းရောင်ကတ်ရှိပေမဲ့ ပန်းရောင်ကတ်မှာ ဖော်ပြထားတဲ့အလုပ်အကိုင်နဲ့ကိုက်ညီမှု မရှိဘူးလို့ ဆိုပြီး ထိုင်းရဲတွေက ဖမ်းဆီးခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။ ဒီဆရာမကို ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

ဒီသင်ကြားရေးစင်တာမှာ အသက် ၅ နှစ် ၆ နှစ်ကနေ အသက် ၁၂ နှစ်အထိ ကလေးငယ် ၅၀ နီးပါးရှိပြီး ဒီကလေး တွေကို မိဘတွေကို လာရောက်ပြန်ခေါ်ခိုင်းခဲ့ပါတယ်။

စက်တင်ဘာလအတွင်းမှာ ဆူရတ်ထနီနယ်မြေက ကျောင်းသား ၁၂၀၀ ကျော်ရှိတဲ့ မေတ္တာရိပ်သင်ကြား ရေးစင် တာအပြင် တခြားသင်ကြားရေးစင်တာ ၅ ခုလည်း ပုဂ္ဂလိကကျောင်းများအက်ဥပဒေနဲ့ငြိစွန်းတဲ့အတွက် ပိတ် ပင်ခဲ့ပါတယ်။

တနိုင်ငံလုံးက ရွှေ့ပြောင်းကလေးငယ်တွေအတွက် သင်ကြားရေးစင်တာကို ဥပဒေနဲ့အညီ ဖွင့်ထားခြင်းရှိမရှိ ဝင်ရောက်စစ်ဆေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဒေသအာဏာပိုင်တွေကို ညွန်ကြားထားပါတယ်။ ချုံဖွန်ခရိုင်ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းနဲ့ ဆက်စပ်နေပြီး ဒီခရိုင်နယ်မြေမှာ ပရာကျွတ်ခိရိ၊ ဆူရတ်ထာနီ၊ ရနောင်းတို့ပါဝင်ပါတယ်။

Photo – FED – Foundation for Education and Development (Facebook/FED)

ဆက်စပ် သတင်းများ

Most read