Homeပြည်တွင်းသတင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်

တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်

၂၀ စက်တင်ဘာ၊ ၂၀၂၄

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးမူနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ KNU KNPP KSCC CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၉ ဖွဲ့က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများတွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းတွေကို အကြိမ်ပေါင်းများစွာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီညှိနှိုင်းမှုတွေကတဆင့် ပြည်နယ်အားကောင်းရေး က ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) နဲ့ စပ်လျဉ်းပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများ စုစုပေါင်း (၉) ဖွဲ့က သဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် တော်လှန်ရေးကာလ/ကြားကာလကစပြီး မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဒီလိုတည်ဆောက်ရာမှာ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ကို အချက်၃ချက်နဲ့ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဟာ ပြည်နယ်/ဖက်ဒရယ်ယူနစ် တွေနဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်တွေအတွင်းက ပြည်သူလူထုတွေ ဖြစ်တယ်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ ဟာ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတယ်။

အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနဲ့အနီးကပ်ဆုံး အာဏာ (Subsidiarity) နဲ့ အချိုးကျမှု (Proportionality) အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်သွားမယ်စတဲ့အချက် ၃ ချက်ကို သဘောတူညီကြပါတယ်။

ဒီထုတ်ပြန်ချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါ တီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၊ ပအိုဝ်း အမျိုးသားဖက်ဒရယ် ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့က ပူးတွဲထုတ်ပြန်တာ ဖြစ်ပါတယ်။

ပုံစာ- ပူးတွဲထုတ်ပြန်ချက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

ဆက်စပ် သတင်းများ

Most read