Homeပြည်တွင်းသတင်းဝပြည်နယ်အနေနဲ့ ဘက်မလိုက်မူဝါဒကို ဆက်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပြီး စစ်ရေးပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ UWSA တိုက်တွန်း

ဝပြည်နယ်အနေနဲ့ ဘက်မလိုက်မူဝါဒကို ဆက်ပြီး ကျင့်သုံးသွားမှာ ဖြစ်ပြီး စစ်ရေးပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ UWSA တိုက်တွန်း

၃၀ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ – UWSA ရဲ့ ဝ တပ်တွေ ဝင်ရောက်နေရာယူပြီးနောက်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အဖြေရှာဖို့ တိုက်တွန်းချက်တစ်စောင် ဇူလိုင်လ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်စာမှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ပွားချိန်က စပြီး ဝပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားပေါင်းစုံတို့ရဲ့အကျိုးစီးပွားကို စဉ်းစားပြီး ဘက်မလိုက်မူဝါဒကို ကျင့်သုံးဖို့ ဆုံးဖြတ် အတည်ပြုခဲ့တယ်လို့ UWSA ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံပြိုကွဲရမည့်အခြေအနေကို ရင်ဆိုင်နေရပြီး စီးပွားပျက်ကပ်ဆိုက်ခြင်း ၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်းနဲ့ ကုန်သွယ်မှုရပ်တန့်ခြင်းတို့ကို ရင်ဆိုင်နေပြီး ပြည်သူတွေရဲ့နေထိုင်မှုဘဝဟာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ UWSA က ဖော်ပြပါတယ်။

စစ်ရေးပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတယ်ဆို လူမျိုးစု မျိုးနွယ်စုတွေကြား ပိုပြီး ရန်ညှိုးမြင့်တက်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ရေးထားပါတယ်။

တိုင်းရင်းသားပြည်သူတွေက တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ဂမျှော်လင့်ပြီး စီးပွားရေး ပြန်လည် ကောင်းမွန်ကာ နေထိုင်မှုဘဝပုံမှန်လည်ပတ်လာစေလိုတဲ့ ဆန္ဒပြင်းပြနေတယ်လို့ UWSA က ဆိုပါတယ်။

အခုစစ်ပွဲတွေမှာ ပါဝင်နေတဲ့အဖက်ဖက်က အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့အကျိုးကို ရှေ့ရှုပြီး နေရပ်ကို အာမခံချက်ရှိရှိနဲ့ ပြန်ပြီး ရောက်ရှိနိုင်အောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ အလေးအနက်ထားပြီး တိုက်တွန်းတယ်လို့ UWSA ရဲ့ တရုတ် မြန်မာ နှစ်ဘာသာနဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝပြည်နယ်ဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ဝတပ်တွေ လားရှိုးမှာ တပ်စွဲခွင့်ကို စစ်ကောင်စီက ခွင့်ပြုထားတယ်လို့ စစ်ကောင်စီ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၈ ရက်က ပြောဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read