ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာမှာ အသက် ၆ နှစ်အရွယ် KG ကျောင်းသူ မိန်းကလေးငယ်တစ်ဦးရဲ့ နားကပ်ကို ဖြုတ်ယူပြီး ရေစုကန်အတွင်း တွန်းချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါအမျိုးသမီးကို ဩဂုတ် ၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာ အောင်ပန်းနယ်မြေရဲစခန်းက ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခန့်မှာ သူငယ်ချင်းဆီ သွားမယ်လို့ ပြောပြီး နေအိမ်ကနေ ထွက်ခွာသွားခဲ့ရာက ပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ် အချိန်ကြာတဲ့အထိ နေအိမ်ကို ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေ လိုက်လံရှာဖွေခဲ့ကြပြီး အဲဒီနေ့ ည ၁၁ နာရီခန့်မှာ ကျေးရွာအနောက်ဘက်ရှိ ရေစုကန်အတွင်း ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကနဦးစုံစမ်းချက်တွေအရ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးဟာ ကလေးငယ်ရဲ့ နားကပ်ကို ဖြုတ်ယူပြီးနောက် ရေစုကန်ထဲ တွန်းချခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါအမျိုးသမီးကို အောင်ပန်းနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ လုယက်မှုတို့နဲ့ အမှုဖွင့်အရေးယူထားပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

