Homeပြည်တွင်းသတင်းTime City ရှေ့မှာ အမျိုးသားတစ်ဦး ထိုင်နေရင်းလဲကျသေဆုံး

Time City ရှေ့မှာ အမျိုးသားတစ်ဦး ထိုင်နေရင်းလဲကျသေဆုံး

ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ Time City Office 3 အရှေ့မှာ ဒီနေ့ ဩဂုတ် ၉ ရက်က အမျိုးသားတစ်ဦး ထိုင်နေရာကနေ ရုတ်တရက်လဲကျပြီး သေဆုံးခဲ့တယ်လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းက ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ ၈ နာရီ ၁၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားတစ်ဦး လဲကျသွားကြောင်း အနီးပတ်ဝန်းကျင်က ဆက်သွယ်အကူအညီတောင်းခံလာတာကြောင့် ပရဟိတအသင်းက အရေးပေါ်လူနာတင်ယာဉ်နဲ့ သွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်နေရာရောက်ရှိချိန်မှာ အဲဒီအမျိုးသားကို စစ်ဆေးရာ သေဆုံးနေပြီဖြစ်တာကြောင့် ရုပ်အလောင်းကို စနစ်တကျထုတ်ပိုးပြီး အနာဂတ်အလင်းတန်းပရဟိတအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အသင်းက ဆိုပါတယ်။

သေဆုံးသူဟာ ပန်းနာရင်ကျပ်ရောဂါ (Asthma) ရှိသူဖြစ်ပြီး ရုံးပေါ်မှာ အသက်ရှူကျပ်လာတာကြောင့် အောက်ဆင်းပြီး လေရှူဖို့ ကြိုးစားချိန် Asthma attack ဖြစ်ပွားခဲ့တာလို့ သေဆုံးသူနဲ့ နီးစပ်သူ က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် အမျိုးသားရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ဆေးဘက်ဆိုင်ရာ တရားဝင်အတည်ပြုချက် မရရှိသေးတာကြောင့် ပန်းနာရင်ကျပ်ရောဂါကြောင့် သေဆုံးတာဟုတ်၊ မဟုတ်ကို New Day Myanmar က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Related News

Most Read