Homeပြည်တွင်းသတင်းထိုင်းကုန်စည်တွေ အနောက်အာရှကို အတိုဆုံးလမ်းကြောင်းနဲ့ ပို့နိုင်ဖို့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်နေတယ်တယ်လို့ မင်းအောင်လှိုင်ပြော

ထိုင်းကုန်စည်တွေ အနောက်အာရှကို အတိုဆုံးလမ်းကြောင်းနဲ့ ပို့နိုင်ဖို့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်နေတယ်တယ်လို့ မင်းအောင်လှိုင်ပြော

ဩဂုတ် ၆၊ ၂၀၂၆ | New Day Myanmar

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံနဲ့ ချိတ်ဆက်ပြီး ထိုင်းကုန်စည်တွေကို အနောက်အာရှဒေသဆီ အတိုဆုံးလမ်းကြောင်းကနေ ပို့ဆောင်နိုင်ဖို့ ပြန်လည်အကောင်အထည်ဖော်နေတယ်လို့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ရဲ့ ဖိတ်ကြားချက်နဲ့ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်က ဒီနေ့ ဩဂုတ် ၆ ရက်မှာ ပြုလုပ်တဲ့ ထိုင်း–မြန်မာ စီးပွားရေးဖိုရမ်အတွင်း အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ထားဝယ်စီမံကိန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းက အန်ဒမန်ပင်လယ်ကမ်းခြေနဲ့ ထိုင်းနိုင်ငံအရှေ့ပိုင်း စီးပွားရေးဇုန်ကို ကုန်းလမ်းနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေ ပါဝင်ပါတယ်။

စီမံကိန်း အကောင်အထည်ပေါ်လာရင် ထိုင်းနိုင်ငံက ကုန်စည်တွေကို မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာကတစ်ဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ အနောက်အာရှဈေးကွက်တွေဆီ ပို့ဆောင်နိုင်မယ်လို့ စီမံကိန်းထောက်ခံသူတွေက ယူဆထားပါတယ်။

ဒါပေမဲ့ အရင်းအနှီးမလုံလောက်မှု၊ စီမံကိန်းနှောင့်နှေးမှု၊ မြေယာသိမ်းဆည်းမှု၊ ဒေသခံတွေရဲ့ နစ်နာမှုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ ကန့်ကွက်မှုတွေကြောင့် စီမံကိန်းဟာ နှစ်ပေါင်းများစွာ ရပ်ဆိုင်းနေခဲ့ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို မူလအကောင်အထည်ဖော်ခဲ့တဲ့ ထိုင်းကုမ္ပဏီ Italian-Thai Development (ITD) နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ၂၀၂၀ ပြည့်နှစ်မှာ ဖျက်သိမ်းခဲ့ပြီးနောက် စီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့ စစ်အုပ်စုက ရင်းနှီးမြှုပ်နှံသူအသစ်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနဲ့ ရုရှားတို့အကြား ရည်ရွယ်ချက်မှတ်တမ်းတစ်စောင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ ဆိပ်ကမ်းနယ်နိမိတ်ကို တရားဝင်သတ်မှတ်ဖို့လည်း ဆောင်ရွက်နေပြီး အပြီးသတ်အဆင့် ရောက်နေတယ်လို့ စစ်အုပ်စုရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ပြောထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း ထိုင်းနဲ့ မြန်မာဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်တစ်ခု စတင်ဖို့ အဆင်သင့်ဖြစ်နေပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမယ်လို့ စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေး၊ မဲဆောက်–မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်အသုံးပြုနိုင်ရေးနဲ့ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ထားဝယ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်မယ့် အချိန်ဇယား၊ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီ၊ ငွေကြေးအရင်းအနှီးနဲ့ ထိုင်းအစိုးရက တိုက်ရိုက်ပါဝင်မယ့် အခန်းကဏ္ဍတွေကိုတော့ မင်းအောင်လှိုင်က အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

Related News

Most Read