ဩဂုတ် ၃ | New Day Myanmar
မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ဒီနေ့ ဩဂုတ် ၃ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အနီးမှာ လေ့ကျင့်ပျံသန်းနေစဉ် ငှက်ဝင်တိုက်ပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
အဆိုပါလေယာဉ်ဟာ မနက် ၅ နာရီ ၁၆ မိနစ်ခန့်မှာ မှော်ဘီမြို့ရဲ့ အရှေ့တောင်ဘက် မီတာ ၈,၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးကို ရောက်ရှိချိန် ငှက်တစ်ကောင်နဲ့ တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ငှက်က လေယာဉ်အင်ဂျင်ခန်းအတွင်း ဝင်ရောက်သွားပြီး အင်ဂျင်မီးလောင်ခဲ့တာကြောင့် အရေးပေါ်ထိုင်ခုံနဲ့ ခုန်ထွက်ခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပျက်ကျခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်အမျိုးအစားနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ စစ်တပ်က ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


