၂၂ ဇွန် ၂၀၂၆ | New Day Myanmar
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလေး တိုက်ချီတိုဟာ မိခင်ရဲ့ အဖော်တစ်ကောင်ဆိုတာထက် ပိုမိုအဓိပ္ပာယ်ရှိပြီး မိခင်နဲ့ ခွဲခွာခဲ့ရတဲ့ ခက်ခဲလွန်းတဲ့အချိန်အပြီး မိခင်ရဲ့လက်ထဲ သူထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ သားငယ်ဖြစ်သူ Kim Aris က ရေးသားလိုက်ပါတယ်။
ဇွန်လ ၂၁ ရက် ညပိုင်းမှာ တိုက်ချီတို ဆုံးပါးသွားပြီးနောက် Kim Aris က မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ချီတိုတို့အပေါ်ထားရှိတဲ့ သံယောဇဉ်ကို ဝမ်းနည်းကြေကွဲစွာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
“တိုက်ချီတိုဟာ မေမေ့ရဲ့ အဖော်တစ်ကောင်ဆိုတာထက် အများကြီးပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရတဲ့ အခက်ခဲဆုံးအချိန်တစ်ခုအပြီးမှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာရဲ့ အစိတ်အပိုင်းလေးတစ်ခု ဖြစ်ပါတယ်” လို့ Kim Aris က ဆိုပါတယ်။
တိုက်ချီတိုဟာ သူ့နည်းသူ့ဟန်နဲ့ မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာခေါ်ဆောင်သွားခဲ့တယ်ဆိုတာ မသိဘဲ ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေခဲ့တယ်လို့လည်း သူက ရေးသားထားပါတယ်။
“သူ့နည်းသူ့ဟန်နဲ့ သူလည်း ကျွန်တော်လိုပဲ မေမေ့ကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေ့ကို ဘယ်နေရာခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ပါဘူး။ ကျွန်တော်လိုပဲ သူ စောင့်နေခဲ့တယ်။ ကျွန်တော်လိုပဲ မေမေ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချင်နေခဲ့တာပါ” လို့ Kim Aris က ဆိုပါတယ်။
တိုက်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘဲ ဆုံးပါးသွားခဲ့တာကို တွေးမိရင် အလွန်နာကျင်ရတယ်လို့လည်း သူက ပြောပါတယ်။
Kim Aris ကိုယ်တိုင်လည်း မိခင်ဖြစ်သူကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့် ရနိုင်မလားဆိုတာ မသိရသေးကြောင်း ရေးသားထားပါတယ်။
“သူ မေမေ့ကို စောင့်ခဲ့တယ်။ ကျွန်တော်လည်း အခုထိ စောင့်နေဆဲပါပဲ” လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးရင် မိသားစုနဲ့ တွေ့ခွင့်ပေးဖို့နဲ့ လွတ်မြောက်ခွင့်ပေးဖို့ Kim Aris က တောင်းဆိုခဲ့ပါတယ်။
တိုက်ချီတိုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ Kim Aris က မိခင်ဖြစ်သူအတွက် လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တိုက်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ပြီး လူထုအကြားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေးအဖြစ် လူသိများခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ပြောင်းရွှေ့ခဲ့ပြီးနောက် တိုက်ချီတိုကို ရန်ကုန်မြို့ရှိ ခြံအမှတ် ၅၄ နေအိမ်မှာ ပြန်လည်ထားရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၅ နှစ်ကျော်အရွယ် တိုက်ချီတိုဟာ ဇွန်လ ၂၁ ရက် ည ၇ နာရီကျော်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။


