၁၀ ဇွန် ၂၀၂၆ | New Day Myanmar
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား နည်းပညာနဲ့ ကုန်သွယ်ရေးပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေချိန်မှာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က Alibaba၊ BYD နဲ့ Baidu အပါအဝင် တရုတ်ကုမ္ပဏီကြီးတွေကို Blacklist စာရင်းထဲ ထည့်သွင်းလိုက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။
အမေရိကန်ဘက်က တရုတ်စစ်တပ်ကို အထောက်အပံ့ပေးနေတယ်လို့ စွပ်စွဲထားတဲ့ ကုမ္ပဏီတွေကို Blacklist စာရင်းတိုးချဲ့ခဲ့ရာမှာ ကမ္ဘာကျော် e-commerce ကုမ္ပဏီ Alibaba၊ လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD နဲ့ အင်တာနက်နည်းပညာကုမ္ပဏီ Baidu တို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ဆုံး ထုတ်ပြန်ချက်အရ Blacklist စာရင်းထဲက တရုတ်ကုမ္ပဏီအရေအတွက်ဟာ မနှစ်က ၁၃၄ ခုရှိရာကနေ ၁၈၈ ခုအထိ မြင့်တက်လာခဲ့ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ လာမယ့် ဇွန်လကုန်ကစလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ဘက်ဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုခွင့် ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်စစ်တပ်အတွက် ပစ္စည်း၊ နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးဖို့ တင်ဒါခေါ်ယူရာမှာ အဆိုပါ တရုတ်ကုမ္ပဏီတွေ ပါဝင်ယှဉ်ပြိုင်ခွင့် မရတော့ဘဲ စစ်ဘက်ဆိုင်ရာ စီးပွားရေးအခွင့်အလမ်းတွေကနေ ဖယ်ရှားခံရမယ့် အခြေအနေဖြစ်ပါတယ်။
အခုလို Blacklist စာရင်း တိုးချဲ့ထုတ်ပြန်လိုက်တာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား တင်းမာမှုလျှော့ချရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး တစ်လတောင် မပြည့်သေးခင်မှာပဲ ပေါ်ထွက်လာတာဖြစ်လို့ နှစ်နိုင်ငံကြား သံတမန်ရေးဆက်ဆံမှုတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်အပေါ် ဝါရှင်တန်ရှိ တရုတ်သံရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်ကို အသုံးချကာ တရုတ်ကုမ္ပဏီတွေကို ခွဲခြားဆက်ဆံနေတယ်လို့ စွပ်စွဲထားပါတယ်။
တရုတ်ဘက်ကတော့ ဒီလိုလုပ်ဆောင်မှုတွေဟာ တရားမျှတတဲ့ စီးပွားရေးယှဉ်ပြိုင်မှုကို ထိခိုက်စေသလို ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကိုပါ အားနည်းစေနိုင်တယ်လို့ သတိပေးထားပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ အမျိုးသားလုံခြုံရေးကျွမ်းကျင်သူဟောင်း ဒန်းနစ် ဝိုင်လ်ဒါက အခုလို တရုတ်ပုဂ္ဂလိကကုမ္ပဏီကြီးတွေကို ဆက်တိုက် ပိတ်ဆို့နေခြင်းဟာ လက်တွေ့မှာ ထိရောက်မှု အကန့်အသတ်ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
၎င်းက အမေရိကန်နဲ့ တရုတ်စီးပွားရေးတွေဟာ ဆယ်စုနှစ်များစွာ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေပြီး အမေရိကန်ဘက်က တရုတ်စီးပွားရေးနဲ့ လုံးဝခွဲထွက်ဖို့ မရည်ရွယ်သရွေ့ အခုလို ပိတ်ဆို့မှုအများစုဟာ နိုင်ငံရေးပြသမှု သဘောမျိုးသာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။
ကျွမ်းကျင်သူအချို့ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ တရုတ်တို့ကြား နည်းပညာ၊ ဉာဏ်ရည်တု (AI)၊ လျှပ်စစ်ကားနဲ့ ဆီမီးကွန်ဒတ်တာကဏ္ဍတွေမှာ ဖြစ်ပွားနေတဲ့ ယှဉ်ပြိုင်မှုတွေကို ပိုမိုပြင်းထန်စေနိုင်ပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဈေးကွက်တွေကိုပါ ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။


