Homeပြည်တွင်းသတင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အောင်လင်းဒွေး ရွေးချယ်ခံရ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အောင်လင်းဒွေး ရွေးချယ်ခံရ

၁၈ မတ်လ ၂၀၂၆ | New Day Myanmar

စစ်တပ်ဘက်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ပထမဆုံး အမျိုးသားလွှတ်တော် အစည်းအဝေးကို မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ နေပြည်တော်မှာ ပြုလုပ်နေပါတယ်။

အဆိုပါအစည်းအဝေးအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဦးအောင်လင်းဒွေးကို အမည်စာရင်းတင်သွင်းခဲ့ပြီး ယှဉ်ပြိုင်သူမရှိတဲ့အတွက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်လင်းဒွေးဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကော်မရှင်အတွင်းရေးမှူး၊ ကာလုံအမှုဆောင်အရာရှိချုပ်နဲ့ အခြားအရေးပါရာထူးတွေကို ဆက်တိုက်ယူထားသူ ဖြစ်ပါတယ်။

သူဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်အတွင်း တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်၊ စစ်တက္ကသိုလ် ကျောင်းအုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဥပဒေချုပ် စတဲ့ရာထူးတွေကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ စစ်ဥပဒေချုပ်တာဝန်ယူစဉ် ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အနီးကပ် ပါဝင်ခဲ့သူလို့လည်း CDM အရာရှိတွေဘက်က ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှာတော့ ဗိုလ်ချုပ်ကြီးရာထူးမှ နုတ်ထွက်ပြီး အရပ်သားအသွင်နဲ့ ကာလုံရုံး အမှုဆောင်ချုပ်အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး