၆ မတ်လ ၂၀၂၆ | New Day Myanmar
ကူဝိတ်နိုင်ငံရှိ အမေရိကန်သံရုံးဝန်ထမ်းတွေကို နိုင်ငံထဲက ထွက်ခွာဖို့ အမေရိကန်အစိုးရက ညွှန်ကြားလိုက်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။
ကူဝိတ်နိုင်ငံ လေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဒုံးကျည်တစ်စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ တားဆီးပစ်ချခဲ့ရတယ်လို့ ကူဝိတ်စစ်တပ်က ထုတ်ပြန်ပြီးနောက် အမေရိကန်သံရုံးဝန်ထမ်းတွေ ထွက်ခွာဖို့ ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်သံရုံးဝန်ထမ်းတွေဟာ သောကြာနေ့ နောက်ဆုံးထားပြီး နိုင်ငံက ထွက်ခွာရမှာဖြစ်ပြီး ထွက်ခွာမတိုင်မီ သံရုံးတွင်း သတင်းအချက်အလက်တွေကို ဖျက်ဆီးကာ လျှို့ဝှက်ဆာဗာတွေကိုလည်း ရှင်းလင်းရမယ်လို့ အမေရိကန်အစိုးရ ကိုကိုးကားပြီး ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ကူဝိတ်စစ်တပ်ကတော့ ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးနောက် အပျက်အစီးတချို့ မြေပေါ်ကျလာကာ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း ဘာရိန်းနိုင်ငံ မြို့တော် မနာမာမှာရှိတဲ့ ဟိုတယ်တစ်လုံးနဲ့ လူနေအဆောက်အအုံနှစ်ခုကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ရှိခဲ့ပေမယ့် လူအသက်ဆုံးရှုံးမှု မရှိဘူးလို့ ဝန်ကြီးဌာနက လူမှုမီဒီယာ X မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယခုအပတ်အစောပိုင်းမှာလည်း ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်းကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


