၂၃ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့၊ လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်အတွင်းရှိ လှိုင်မြစ်အတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းဟာ အမျိုးသားရုပ်အလောင်းဖြစ်ပြီး မြစ်ရေကျချိန်မှာ ပက်လက်အနေအထားနဲ့ သောင်ပြင်ပေါ် တင်နေတာကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဖြစ်စဉ်သတင်းရရှိပြီးနောက် ရန်ကုန်အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က သွားရောက်ဆယ်ယူခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဘက်က သေမှုသေခင်းအဖြစ် ကနဦးအမှုဖွင့်ထားပြီး သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ သေဆုံးသူရဲ့ အချက်အလက်တွေကို ဆက်လက်စုံစမ်းဖော်ထုတ်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသားရုပ်အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – ArrPuu Tuu


