၁၉ ဖေဖော်ဝါရီ ၂၀၂၆
အမေရိကန် သူကြွယ် Jeffrey Epstein နဲ့ ဆက်နွှယ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်ဘုရင် Charles III ရဲ့ ညီဖြစ်သူ Prince Andrew ကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
သတင်းတွေအရ မင်းသားအင်ဒရူး မောင့်ဘက်တန် ဝင်ဆာကို ကြာသပတေးနေ့ အစောပိုင်းက အင်္ဂလန်အရှေ့ပိုင်းရှိ Sandringham Estate နန်းတော်ဝင်းအတွင်းက Wood Farm နေအိမ်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်း ရဲကား ၆ စီးနဲ့ အရပ်ဝတ်ရဲအရာရှိ ၈ ဦးခန့် ဆန်ဒရင်ဂမ် နန်းတော်ဝင်းအတွင်းကို ဝင်ရောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မကြာသေးမီက အမေရိကန်အစိုးရဘက်က ထုတ်ပြန်လိုက်တဲ့ မှတ်တမ်းတွေမှာတော့ မင်းသားအင်ဒရူးဟာ ဂျက်ဖရီ အက်ပ်စတိန်းရဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေထဲမှာ ဆက်စပ်ပါဝင်နေတယ်လို့ ဖော်ပြထားတာကြောင့် အမှုအသစ်တွေ ပြန်လည်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဘက်က မင်းသားအင်ဒရူးနဲ့ ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုဆိုင်ရာ အထောက်အထားတွေကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ထားပြီး ဗြိတိန် Thames Valley Police အနေနဲ့ ဖမ်းဆီးအရေးယူဖို့ အသင့်ရှိကြောင်းကို ဖေဖော်ဝါရီအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။
ကွယ်လွန်သူ Queen Elizabeth II ရဲ့ ဒုတိယမြောက်သားဖြစ်သူ မင်းသားအင်ဒရူးကတော့ အက်ပ်စတိန်းရဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ပြောဆိုထားပါတယ်။
ဒါပေမယ့် အမေရိကန်အစိုးရက အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ ပြစ်မှုမှတ်တမ်းတွေ၊ ဆက်သွယ်ပြောကြားချက်တွေကို ထပ်မံထုတ်ပြန်လာပြီးနောက်ပိုင်းမှာ မင်းသားအင်ဒရူးဟာ လူမြင်ကွင်းထဲကနေ ရှောင်ရှားနေလာခဲ့တာကို တွေ့ရပါတယ်။


