Homeပြည်တွင်းသတင်းမိုင် ၂,၃၀၀ ကျော် လမ်းလျှောက်လာတဲ့ ငြိမ်းချမ်းရေး ရဟန်းတော်တွေ ခရီစဉ်ပြီးဆုံးတော့မည်

မိုင် ၂,၃၀၀ ကျော် လမ်းလျှောက်လာတဲ့ ငြိမ်းချမ်းရေး ရဟန်းတော်တွေ ခရီစဉ်ပြီးဆုံးတော့မည်

၁၁ ဖေဖော်ဝါရီ ၂၀၂၆

အမေရိကန်ပြည်ထောင်စုတဝန်း မိုင် ၂,၃၀၀ ကျော်ကို ရက်ပေါင်း ၁၀၈ ရက်ကြာ ခြေလျင်လမ်းလျှောက်လာခဲ့တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေရဲ့ “ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ် (Walk for Peace)” ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ နိုင်ငံတော်မြို့တော် ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အဲ့ဒီလမ်းလျှောက်ခရီးစဉ်ကို တက္ကဆက်ပြည်နယ် Fort Worth မြို့ကနေ စတင်ခဲ့တာဖြစ်ပြီး အမေရိကန်ပြည်နယ်အများအပြားကို ဖြတ်သန်းလာခဲ့ကာ နောက်ဆုံးပန်းတိုင်အဖြစ် ဝါရှင်တန်ဒီစီကို ရောက်ရှိလာတာဖြစ်ပါတယ်။

ရဟန်းတော်တွေက ဒီခရီးစဉ်ကို လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအရ ကွဲပြားမှုတွေ၊ လူမှုရေးဖိအားတွေကို စာနာနားလည်မှု၊ သတိနဲ့ မေတ္တာအပေါ်အခြေခံပြီး လျော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်တစ်လျှောက် ဒေသခံပြည်သူတွေက ထောက်ခံအားပေးခဲ့ကြပြီး “Aloka” လို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေးခွေးလေးတကောင်ပါ ပါဝင်လာတာက လူထုအကြား စိတ်ဝင်စားမှုများစေခဲ့ပါတယ်။ အဲ့ဒီခွေးလေးဟာ ခရီးစဉ်အတွင်း ခွဲစိတ်ကုသမှုခံယူခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည်ကျန်းမာလာနိုင်ခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီကို ရောက်ရှိပြီးနောက် ရဟန်းတော်တွေဟာ Bender Arena၊ Washington National Cathedral၊ Embassy Row နဲ့ Capitol Hill အပါအဝင် နေရာတွေမှာ ဘာသာပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေကို ဆက်တိုက် ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအစီအစဉ်တွေဟာ ပြည်တွင်းပြည်ပက ဘာသာရေး၊ သံတမန်အသိုင်းအဝိုင်းတွေအထိ ငြိမ်းချမ်းရေးသတင်းစကား ရောက်ရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ရဟန်းတော်တွေက ငြိမ်းချမ်းရေးဆိုတာ ရောက်ရှိရမယ့် ပန်းတိုင်တစ်ခုမဟုတ်ဘဲ နေ့စဉ်ဘဝထဲမှာ ဆက်တိုက်ကျင့်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ ပြောကြားထားပြီး လူတဦးချင်းစီရဲ့ စိတ်နှလုံးထဲကစတင်မှသာ လူ့အဖွဲ့အစည်းတခုလုံးဆီကို ငြိမ်းချမ်းရေး ပြန့်ပွားနိုင်မယ်လို့ အလေးပေးပြောဆိုခဲ့ကြပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ Lincoln Memorial ကို ရောက်ရှိပြီး အောင်မြင်စွာ ပြီးဆုံးမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး