၅ ဖေဖော်ဝါရီ ၂၀၂၆
အစာအိမ်ရောင်ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရတဲ့ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် ဟာ စစ်ကော်မရှင် ပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲကို မတက်ရောက်နိုင်တော့ဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။
သင်ဇာဝင့်ကျော်ဟာ ဖေဖော်ဝါရီ ၄ ရက်က စပြီး ဆေးရုံတက်ရောက်ကုသနေရတာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်မြို့ရှိ ဝိတိုရိယအထူးကုဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားပါတယ်။
သူမက “အခု အစာအိမ်ရောင်လို့ ဆေးရုံတက်နေရပါတယ်။ လောလောဆယ် ကျန်းမာရေးအခြေအနေကြောင့် အလုပ်အချို့ကို ပျက်ကွက်ခဲ့ရပါတယ်။ အကယ်ဒမီဆုပေးပွဲကိုလည်း မတက်ရောက်နိုင်တော့တဲ့အတွက် sponsorship တွေအားလုံးကို ဒီကနေတဆင့် တောင်းပန်ချင်ပါတယ်” လို့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။
သင်ဇာဝင့်ကျော်ဟာ ယခင် ဇန်နဝါရီ ၁၅ ရက်က NOVOTEL HOTEL Yangon Ballroom ခန်းမမှာ ခွင့်ပြုမိန့်မယူဘဲ ပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲနဲ့ အနုပညာရှင်မိတ်ဆက်ပွဲတစ်ခုမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှု၊ လိင်ပိုင်းဆိုင်ရာ အညစ်ညမ်းဆန်တဲ့ အကပြဖျော်ဖြေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ဖူးပါတယ်။
အဲ့ဒီအမှုနဲ့ပတ်သက်ပြီး စစ်ကော်မရှင်က သူမကို ၂၀၂၂ ခုနှစ်အတွင်း အီလက်ထရွန်နစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။


