၁ ဖေဖော်ဝါရီ ၂၀၂၆
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ပြည့်လာချိန်အထိ အကျပ်အတည်းတွေ မလျော့ကျသေးဘဲ ၂၀၂၆ ခုနှစ်အတွင်း လူပေါင်း ၁၆.၂ သန်းအထိ အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လာနိုင်တယ်လို့ သြစတြေးလျအစိုးရကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းကစပြီး အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေနဲ့ လူသားရေးအကျပ်အတည်းတွေဟာ တစ်နိုင်ငံလုံးအနှံ့ ပိုမိုနက်ရှိုင်းလာနေတယ်လို့ သြစတြေးလျဘက်က သုံးသပ်ထားပါတယ်။
အဲဒီအခြေအနေတွေကြောင့် လက်ရှိအချိန်မှာပဲ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည်တွင်းဒုက္ခသည်ဦးရေဟာ ၃.၆ သန်းကျော်အထိ ရှိလာပြီး ၂၀၂၆ ခုနှစ်ထဲမှာတော့ အစားအစာ၊ ဆေးဝါးနဲ့ အခြေခံအသက်ရှင်ရေးအတွက် အကူအညီလိုအပ်တဲ့ လူဦးရေက ၁၆.၂ သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေ သိသိသာသာ ကျဆင်းလာတာနဲ့အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေပါ တိုးလာနေပြီး ဒါတွေဟာ ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေတယ်လို့ ဆိုပါတယ်။
မကြာသေးခင်က စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူတိုင်းပါဝင်နိုင်မှု ဆိုတဲ့ စံနှုန်းတွေကို မပြည့်မီခဲ့ဘူးလို့လည်း သြစတြေးလျဘက်က သတ်မှတ်ထားပါတယ်။
သြစတြေးလျအနေနဲ့ မြန်မာပြည်သူတွေ အရေးပေါ်ရင်ဆိုင်နေရတဲ့ လူသားရေးအကျပ်အတည်းကို လျော့ချနိုင်ဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ သြစတြေးလျအစိုးရက ထောက်ပြထားပါတယ်။
ဓါတ်ပုံ – စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ


