၂၃ ဇန်နဝါရီ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ ဘုရားပွဲတော်မှာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ဖျော်ဖြေခဲ့တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ရဲ့ နှစ်ပါးသွားအစီအစဉ်အတွင်း လူရွှင်တော်ဖြိုးဖြိုးဆိုသူက စင်ပေါ်မှာကလေးငယ်တဦးကို ပွေ့ချီပြီး အများမြင်ကွင်းမှာ မသင့်တော်တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပြုအမူတွေကို ဟာသအဖြစ် ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က အဲ့ဒီဇာတ်သဘင်အဖွဲ့ကို ခံဝန်ရေးထိုးခိုင်းပြီး ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာပြီးနောက် ကလေးသူငယ်ရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။
ဒီလိုဝေဖန်မှုတွေကြောင့် ဇန်နဝါရီ ၂၁ ရက်မှာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ တည်ထောင်သူခေါင်းဆောင် အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနဲ့ လူရွှင်တော်ဖြိုးဖြိုးတို့ကို ဗဟိုသဘင်ရုံးကို ဆင့်ခေါ်ပြီး စိစစ်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
စိစစ်မှုအတွင်း အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ဘက်က ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ် ပြုမူမိခဲ့တာဖြစ်ကြောင်း ဝန်ခံတောင်းပန်ခဲ့ပြီး နောင်မှာ အဲ့ဒီလိုအပြုအမူမျိုး မဖြစ်စေရေးနဲ့ ထပ်မံဖြစ်ပေါ်လာပါက ဗဟိုသဘင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူမှုခံယူသွားမယ်ဆိုပြီး ကတိပြု ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးအစည်းအဝေး ရဲ့ ဆုံးဖြတ်ချက်အရ ဒီလိုကလေးသူငယ်ရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေဟာ အများပြည်သူနဲ့ လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ပြီး မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေနဲ့ လုံးဝလက်မခံနိုင်ဘူးလို့တော့ ဆိုပါတယ်။
လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေထဲမှာ ဇာတ်စင်ပေါ်မှာ ကလေးငယ်တွေကို ခေါ်ယူပြီး ဘောင်းဘီလှန်ကြည့်တာ၊ လိင်အမျိုးအစားကို ဟာသလုပ်တာတွေပါဝင်နေတာကို တွေ့ရပြီး ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေက ဒီလိုလုပ်ရပ်တွေဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ် သတ်မှတ်နိုင်တယ်လို့ ပြောဆိုကာ ပြင်းထန်စွာ အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။


