ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ် သန်းစိုးက ပြိုင်ဘက်ပါတီတွေကို စော်ကားပုတ်ခတ်ပြောဆိုရင် ဥပဒေအရအရေး ယူမယ်လို့ မနေ့က ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီအချို့က ကြိုတင်မဲကိစ္စကို ပွင့်လင်းမြင်သာဖို့နဲ့ မဲပေးတဲ့အခြေအနေအပေါ် ဆွေးနွေးရာမှာ သူက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
လတ်တလော ကြံခိုင်းရေးပါတီဟာ မဲရုံအတွင်းမှာ မဲရှုံးခဲ့ရင်တောင်ကြိုတင်မဲနဲ့ ပြောင်းပြန်လှန်နိုင်အောင် လုပ်ဆောင်ပြီး အနိုင်ရရှိနေတာတွေ ရှိနေလို့ ဝေဖန်မှုတွေ ကလည်း ရှိနေပါတယ်။
UEC ဥက္ကဌရဲ့ပြောဆိုချက်ဟာ အပေါ်ယံမှာတော့ စည်းကမ်းထိန်းသိမ်းတဲ့သဘောလို့ ထင်ရပေမဲ့ လက်တွေ့မှာတော့စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီကို ဘယ်သူမှ ဝေဖန်တာမျိုးမပြုလုပ်နိုင်အောင် သွယ်ဝိုက်ပြီး ပါးစပ်ပိတ်ခိုင်းလိုက်တာလို့ နိုင်ငံရေးလောကမှာ ဝေဖန်သံတွေ ဆူညံသွားခဲ့ပါတယ်။
“ကြံခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ ကိုယ်တိုင်လည်း အခုရွေးကောက်ပွဲမှာ NLD ပါတီကို ပုတ်ခတ်ပြီးပြောနေတာရှိနေတယ်။ နိုင်ငံရေး ဂုဏ်သိက္ခာတစ်စက်မှမရှိတဲ့ သူတွေ။ အခုပြီးသွားတဲ့အပိုင်း (၁) မှာ သူတို့ပါတီအနိုင်ရတာဟာ ကြိုတင်ပြင်ဆင်ထားတာတွေနဲ့ ကြိုတင်မဲကိစ္စတွေကြောင့်ဘဲလေ၊ သိသာနေတာကြီးကို”လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက ဆိုပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကလည်း ဒီရွေးကောက်ပွဲရလဒ်တွေကို အလွယ်တကူ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ အရင်အစိုးရကို မဲမသမာမှုနဲ့ စွပ်စွဲပြီး အာဏာ သိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုသူတို့ကိုယ် တိုင် မယုံကြည်နိုင်စရာ ကြိုတင်မဲတွေနဲ့ ဇာတ်တိုက်ကာ စစ်တပ်ပါတီကို အာဏာအပ်ဖို့ အတင်းအကျပ် ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝေဖန်ထားကြပါတယ်။
ဓာတ်ပုံ-MOI


