စစ်ကိုင်းတိုင်းအတွင်းမှာ ၂ လနီးးပါးကြာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားတဲ့ အိန္ဒိယ-မြန်မာ သာသနာပြုဆရာတော် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဆရာတော်နဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းဆီကနေ စုံစမ်းသိရှိရပါတယ်။
ဒေါက်တာဝိသုတဘွဲ့အမည်ရှိတဲ့ ဆရာတော်ဟာ မနေ့က ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းမှာ ခံဝန်လက်မှတ်ထိုးပြီးလွတ် မြောက်လာတယ်လို့ သိရပေမယ့် အခုချိန်အထိ ရန်ကုန်မြို့ကို ပြန်ရောက်လာတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
“အခုချိန်ထိတော့ ရန်ကုန်ကို ပြန်ကြွရောက်တာမျိုးမရှိသေးဘူး။ စိတ်ပူနေကြတာပေါ့။ ဖုန်််းပဲထိုင်မျှော်နေရတာ”လို့ ဆရာတော်ရဲ့ တပည့်ဒကာတစ်ဉီးက ပြောပါတယ်။
ဆရာတော် ဒေါက်တာဝိသုတဟာ အိန္ဒိ ယကို ပြန်ကြွဖို့အတွက်၂၀၂၅ ခုနှစ် နိုဝင် ဘာလ ၅ရက်နေ့မှာ ရွှေဘိုမြို့ကနေ ရန်ကုန်ကို ခရီးသည်တင်ကားနဲ့ ပြန်လာစဥ် ရွှေဘိုမြို့အထွက် ကင်းဗျားရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း ဒေသတွင်းလက်နက်ကိုင်တွေဟာ ဘာသာရေးခေါင်းဆောင်အချို့ကို ဖမ်းဆီးတာတွေ သတ်ဖြတ်တာတွေ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက် ကလည်း ရွှေဘိုမြို့အတွင်းက ကန်ကြီးတောကျေးရွာမှာ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာက ဘုန်းတော်ကြီး Father Donald Martin ရဲနိုင်ဝင်း ကို ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးက ဓါးနဲ့ ခုတ်သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်


