ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ အရေးကြီးကာလ အဖြစ် သတ်မှတ်လိုက်ပြီး ခရစ္စမတ်ချိန်ခါ၊ နှစ်သစ်ကူးကာလဖြစ်နေချိန်မှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းတာ၊ နေထိုင်သွားလာတာ၊ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည်သူလူထု နဲ့ ကရင်နီပြည်နယ် တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ ကရင်နီလူမှု အဖွဲ့အစည်းတွေအနေနဲ့ စစ်တပ်ရဲ့ ရဲ့ ရန်ကို သတိထားကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
အထူးသဖြင့် စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ အားနည်းချက်ကိုယူပြီး ၁၉၈၅ ခုနှစ်ကနေ ဒီနေ့ အထိ ခရစ္စမတ်ချိန်နဲ့ နှစ်သစ်ချိန်မှာ သတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ ယုတ်မာမှုတွေ ပြုလုပ်နေတာကို ကို ဒီနေ့အထိ ကြုံတွေ့ခံစားနေရတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် မူဆိုမီးရှို့သတ်ဖြတ်မှုကြီးလို မဖြစ်စေဖို့ အတွက်လည်း သတိပေးထားပါတယ်။
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာ မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ခရစ္စမတ် အကြိုနေ့မှာ အရပ်သား ၄၀ ကျော်ကို မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေး သက်တမ်း ၅၀ ကျော်ခရီးမှာ ၁၉၇၄ ခုနှစ်တကြိမ်၊ ၁၉၉၀ ခုနှစ်တကြိမ်၊ ၂၀၁၀ ခုနှစ်တကြိမ် အာဏာရှင်အဆက်ဆက် နိုင်ငံရေးလိမ်လည်မှုကြီးတွေ ကြုံတွေ့ခဲ့ရပြီး လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာလည်း နိုင်ငံရေး လိမ်လည်မှုကြီး ထပ်မံပြုလုပ်ကြဦးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ လိမ်လည်မှုကြီးမှာ နီးရာဓါး၊ ကြောက်နေကြသော လွိုင်ကော်မြို့တွင်း၊ မြို့ပြင် ကရင်နီအမျိုးသားများ၊ လူထုများ သတိထားကြပါရန် နှိုးဆော်သတိပေး လိုက်တယ်လို့လည်းဆိုပါတယ်။


