တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ သတ်ဖြတ်ခံရတဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာမ ဒေါ်ပန်ထွာ(ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံရတဲ့အပေါ် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဆရာဆရာမများသမဂ္ဂကထုတ်ပြန်ထားပါတယ်။
ဒီတောင်းဆိုမှုကို KNU နဲ့ တော်လှန်ရေးအင်အားစုတွေထံကို မနေ့က ဒီဇင်ဘာ ၁၇ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီး၊ ဆရာမနဲ့ သူရဲ့ခင်ပွန်းဖြစ်သူကို ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ပုလောမြို့ နယ်၊ဆားခဲရွာကနေ အိမ်မှာ သတ်ဖြတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ကြေညာချက်မှာတော့ လူ့အသက်တစ်ချောင်းချင်းစီကို တန်ဖိုးမထားဘဲ လူ သားတိုင်းရဲ့အသက်ရှင်လုံခြုံခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဆောင် ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုး ရ၊ ပညာရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်အတွင်းရှိ KNU တပ်ရင်း နဲ့ ကဏ္ဍအလိုက်သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကို အလေးအနက် တိုက်တွန်းလိုက်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
မတရားလုပ်ကြံ သတ်ဖြတ်ခံရခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ထပ်တူကြေကွဲ ဝမ်းနည်းမိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကြေညာချက်ကို ကော့သောင်း၊ဘုတ်ပြင်း၊တနင်္သာရီ၊မြိတ်၊ကျွန်းစု၊ပုလော၊သရက်ချောင်း၊လောင်းလုံ၊ ရေဖြူ၊ ထားဝယ်မြို့နယ်တွေက ပညာရေးဘုတ်အဖွဲ့တွေနဲ့ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာဆရာဆရာမများသမဂ္ဂကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ကျူးလွန်သူတွေကိုဖမ်းဆီးရမိရေးနဲ့ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖော်ထုတ်သွားမယ်လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံဦးဝင်းဌေး၊ဇနီးဖြစ်သူနဲ့ သုံးလအရွယ်သမီးတို့ဟာ တော်လှန် ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကနီမြို့ တပုန်းကျေးရွာနေအိမ်တွင် သတ် ဖြတ်ခံခဲ့ရပါတယ်။ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုလှုပ်ရှားမှုတွေကို ပညာ ရေးနယ်ပယ်နဲ့ တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြပေမယ့် တရားခံကိုဖော်ထုတ်အရေးယူနိုင်ခြင်းမရှိခဲ့သေးပါဘူး။
ဓာတ်ပုံ-မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင် နဲ့ခင်ပွန်း


