မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်အုပ်စုရဲ့ ဗိုလ်မှူးတဦးအပါအဝင် အင်အား၂၀ ခန့်ကို ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ စစ်လော်ဘီချန်နယ်တွေကနေ ဖော်ပြထားပါတယ်။
သူတို့ကို ကော့သောင်းမြို့ကနေ ပြန် လည်လွှဲပြောင်းလိုက်တာဖြစ်ပြီး၊ စစ်အုပ်စုဘက် လာရောက်ခေါ်ယူသွားတယ်လို့ New Day Myanmarရဲ့ကော့သောင်းမြို့ ဒေသခံတဦးက အတည်ပြု ပြောပါတယ်။
“မနေ့က ကော့သောင်းမြို့က အရင် လွှဲပြောင်းပေးနေကြ ဂိတ်ကနေ လွှဲ ပြောင်းပေးတာဗျ။ ၂၀ ကျော်လောက်ရှိမယ်။ ကားတွေနဲ့လာခေါ်သွားတာလို့”အဲ့ဒီဒေသခံက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊Force for Federal Democracy (FFD) နဲ့ PDFပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲ့ဒီမြို့သိမ်းတိုက်ပွဲမှာ ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်အုပ်စုရဲ့ အရာရှိနဲ့ တပ်သားတွေပါဝင်သလို တိုက်ပွဲအတွင်း ဖမ်းမိထားတာတွေလည်း ရှိနေတယ်လို့ (KNLA) သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
လွှဲပြောင်းပေးရာမှာ လက်နက်ခဲယမ်းတွေမပါလာဘဲ၊ ထွက်ပြေးခဲ့စဉ်က လက်နက်တွေပါ ပါဝင်ပြီး ထိုင်းစစ် တပ်က သိမ်းယူထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားသလို ပြန်လည်လွှဲအပ်ရာမှာတော့ လက်နက်တွေမပါဝင်ဘူးလို့ သိရပါတယ်။
စစ်အုပ်စုရဲ့ တပ်သားတွေဟာ မောတောင်မြို့သိမ်းတိုက်ပွဲမှာသာမက အရင်က တိုက်ပွဲတွေမှာလည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတဲ့အစဉ်အလာတွေရှိနေတာကို တွေ့ရပါတယ်။
ဓာတ်ပုံ-စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်


