ဒေါက်တာ နန္ဒဝင်းဟာ စစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ထောက်ခံအားပေးရပ်တည်ခဲ့သလို CDM ဆရာဝန်တွေ၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ အလုပ်မခန့်ဖို့ ဆောင်ရွက်ခဲ့တဲ့ အတွက် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် စာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေါက်တာ နန္ဒဝင်းကို ဆင်းရဲနွမ်းပါးသူတွေအတွက် တန်ဖိုးသင့် ညစာအစီအစဉ် တည်ထောင်ခဲ့တဲ့ အတွက် ၂၀၁၅ ခုနှစ်မှာ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် အဖြစ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
အခုတော့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဒေါက်တာနန္ဒဝင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားလိုက်ရပါတယ်။
ဖယ်ရှားရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး “နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှု”ဆိုတဲ့ ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒနဲ့ သွေဖယ်နေသလို ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအပေါ်မှာ လျစ်လျူရှုခဲ့တာတွေကြောင့်လို့ဆိုပါတယ်။
ဒီဆုကို အမေရိကန်နဲ့ နိုင်ငံတကာရောက် မြန်မာတွေ စုပေါင်း တည်ထောင်ပြီး မြန်မာ ပြည်တွင်းမှာ လူမှုရေး လုပ်ငန်းဆောင်ရွက်သူတွေထဲက ထူးကဲစွာ ဆောင်ရွက်နိုင်သူတွေကို ၂၀၁၀ ပြည့်နှစ်ကတည်းက ရွေးချယ် ချီးမြှင့်လာတာဖြစ်ပါတယ်။


