မြန်မာနိုင်ငံက စာနယ်ဇင်းသတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတယ်လို့ နိုဝင်ဘာ ၂ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းထောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့မှာ ယူကေအစိုးရက ကြေညာပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာသတင်းထောက်တွေကို ဖမ်းဆီးအကျဥ်းချမှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံအပါအဝင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား ၇ ဦးသည် စစ်အာဏာရှင်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရပြီး သတင်းသမား ၂၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အမျိုးသမီးသတင်းသမားတွေ အပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ဦးဟာလည်းလက်ရှိမှာဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
အထူးသဖြင့် offline နဲ့ online အခြေအနေနှစ်မျိုးလုံးမှာ နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတို့အပါအဝင် ခြိမ်းခြောက်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးသတင်းထောက်တွေကို အမှတ်ရ ဂုဏ်ပြုအပ်တယ်လို့ ဆိုပါတယ်။
ယူကေအစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှအားရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်တဲ့ ဒါမှမဟုတ် ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူဆောင်ရွက်ရမည်ဟု ယုံကြည်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ကမ္ဘာတစ်ဝန်းက သတင်းသမားတေံ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် အကူအညီတွေကို ယူကေအစိုးက ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
.
ဓါတ်ပုံ – IMJA website


