STUM ရဲ့အလုပ်သမားအရေး ဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ အဖွဲဝင် ၁၀ ဦးကို သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀၊ ၄၁ နဲ့ အမှုဖွင့်ထားရာမှ ဒေါ်မျိုးမျိုးအေးတဦးကိုသာအမှုကနေ ရုတ်သိမ်းပေးခဲ့ပြီး ကျန် ၉ ဦးကိုတော့အချုပ်နဲ့ တရားရင်ဆိုင်ရမယ်လို့ ရွှေပြည်သာမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
မနေ့က အောက်တိုဘာ ၂၃ ရက်ရုံးချိန်မှာ တရားလို ဘက်က အမှုရုတ်သိမ်းလွှာကို တရားရုံးကိုတင်သွင်းခဲ့ပြီးနောက်မှာ အခုလို အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ STUM က အသိပေးထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အချုပ်နဲ့ တရားရင်ဆိုင်နေရတဲ့ ၉ ဦးကို အချုပ်လွတ်တရားရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားလွှာ တင်သွင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုံးချိန်းအား ယနေ့ အောက်တိုဘာ ၂၄ ရက်မှာ ထပ်မံဆင့်ခေါ်ထားပြီး STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ခံဝန် ၂ ဦးနဲ့ ငွေကျပ်သိန်း ၃၀ တရားရုံးကို ယူဆောင်လာဖို့နဲ့ ပျက်ကွက်ရင် ထောင်ဒဏ်ချမှတ်မယ်လို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ STUM ဘက်က သင်းဖွဲ့မှတ်ပုံတင်အမှုကို အာမခံ လျှောက်လဲချက် (နှုတ်ဖြင့်၊ စာဖြင့်) တင်သွင်းမည်ဖြစ်ပြီး၊ ဒေါ်မျိုးအေးရဲ့ ခံဝန်အမှုကို အမိန့်ချမှတ်မယ်လို့လည်း ကနဦးသိထားရပါတယ်။
လတ်တလော အဲဒီအမှုနဲ့ပတ်သက်လို့ မြို့နယ်တရားရုံး ၃ ရုံးက အာမခံလျှောက်ထားချက်ကို ပလပ်ထားတာကြောင့် ခရိုင်တရားရုံးတော်ကို ရာဇဝတ် အထွေ ထွေပြင်ဆင်မှု ဆက်လက်လျှောက်ထားခဲ့ပေမယ့် ထပ်မံပယ်ချခံထားရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-STUM


