မန်းတက္ကသိုလ်ရာပြည့်ပွဲအတွက် စစ်ခေါင်းဆောင်ရောက်နေတဲ့ အလယ်ပိုင်းတိုင်း စစ်စစ်ဌာနချုပ်ကို ဒီကနေ့ မနက် ၆ နာရီမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မန်းတက္ကသိုလ်ရာပြည့်ပွဲတွင် အရပ်သား ပြည်သူအများအပြားကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားတဲ့အတွက် တော်လှန်ရေးတပ်တွေက သူတည်းခိုနေတဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသာ ပစ်ခတ်ခဲ့တာလို့ Brave Warriors For Myanmar က ဆိုပါတယ်။
“”ဟုတ်တယ်။ မနက်က ပစ်လိုက်တဲ့အသံတွေကြားတယ်။ အခုမန္တလေးမြို့မှာ စစ် တပ်က ရှာဖွေနေတာတွေလုပ်နေတယ်။ အချို့ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးမေးမြန်းတာတွေရှိနေတယ်” လို့ မြို့ခံတဦးက New Day Myanmar ကိုပြောပါတယ်။
ဒီ တိုက်ခိုက်မှုကြောင့် စစ်ခေါင်းဆောင်ဟာ ချက်ချင်းပြန်ဖို့စီစဉ်နေတယ်လို့ သိရပြီး မန်းတက္ကသိုလ်ရာပြည့်ပွဲတက်ရောက်ဖို့မသေချာတော့ဘူးလို့လည်း သတင်း ထွက်ပေါ်နေပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force (P.S.F)၊ ရတနာပုံတပ်ဦးအဖွဲ့တို့က BWM ရဲ့ Mission-46 အဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်
ဓာတ်ပုံ – BWM


