မောင်တောဒေသခံ ၆ ဦးကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA) က နှုတ်ပိတ်တဲ့အနေနဲ့ သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းက နယ် စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးရှိ ဒုံးညိုစခန်းကို တိုက်ခိုက်ဖို့ကြိုးစားနေတဲ့ ARSAဟာ အဲဒီစခန်းကိုသွားရာလမ်းတလျှောက်က မူဆလင်မဟုတ်တဲ့အရပ် သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲဒီနောက် သတ်ဖြတ်ခံရသူတွေကို လူ ပြတ်တဲ့နေရာမှာ စွန့်ပစ်ထားတာကို AA ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ARSA အဖွဲ့ သတ်ဖြတ်ခဲ့တဲ့သူတွေဟာ မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာက ပျောက်ဆုံးနေတဲ့ ရွာသားတွေထဲက ၆ဦးဖြစ်နိုင်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ပြေးသွားကြတဲ့ စစ်သွေးကြွ ARSA အဖွဲ့ဝင်တွေကို နယ်စပ်ရေးရာ သံတမန်ရေးအရ နယ်မြေဖြတ်ကျော် ရှင်းလင်းဖို့ ခက်ခဲပေမယ့် ဒေသတွင်းလုံခြုံရေးကို ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင် ဒေသခံတွေအနေနဲ့ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွား လာတဲ့အခါ တဦးတည်း ဒါမှမဟုတ် လူ အနည်းစုနဲ့ မသွားကြဖို့နဲ့ ကျန်းမာရေးကိစ္စ၊ မသွားမဖြစ်သွားလာရမယ့် အရေး ကြီးကိစ္စတွေရှိလာရင်AA လုံခြုံရေးအဖွဲ့တွေကို သတင်းပို့ပြီးမှ သွားကြဖို့ တိုက်တွန်းထားပါတယ်။


