ရန်ကုန်မြို့ ၊တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးကားမှတ်တိုင်မှာ ဒီကနေ့ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ၂နာရီအ ချိန်က အမျိုးသမီးငယ်တဦးကို ဓားနဲ့ထိုးဆွဲကြိုးလုပြေးသူကို အနီးပတ်ဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ဖြစ် စဉ်တခုဖြစ်ပွားခဲ့တယ်လို့ ကျောက်မြောင်းရပ်ကွက် ဒေသခံတွေဆီကနေ သိရပါတယ်။
လုယက်သူအမျိုးသားဟာ စက်ဘီးနဲ့လာရောက်ပြီး ဓားနဲ့ထိုးလုယက်ခဲ့တာကြောင့် အမျိုးသမီးငယ်ရဲ့ ဘယ်လက်ပြတ်ရှဒဏ်ရာရခဲ့တာကြောင့် အဲဒီအမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးတဲ့သူတွေက ထိုး ကြိတ်ကာ တာမွေမြို့နယ်ရဲစခန်းကို သွားရောက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ဝိုင်းဖမ်းကြတာ။ ကိုယ်ကလည်းဈေးဝယ်နေတုန်း ဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်ဘူး၊ နောက်မှ လုတာလို့သိရတာ။”လို့ ကျောက်မြောင်းရပ်ကွက်မှာ နေထိုင်သူတဦးက ဆိုပါတယ်။
အမျိုးသမီးငယ်ရဲ့ဆွဲကြိုးမှာလည်း သုံးပိုင်းပြတ်ထွက်သွားပြီး အပိုင်းနှစ်ပိုင်းကို ကနဦးပြန်လည်ရရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပြတ်ထွက်သွားတဲ့ ဆွဲကြိုးတစ်ပိုင်းကို လူငယ်တစ်ဦးက ကောက်ရတာကြောင့် ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။


