ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ လေပြင်းတိုက်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ကျေးရွာ၂ ရွာက လူနေ အိမ် ၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အင်းလေးဒေသခံသတင်ရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီ လေပြင်းတိုက်ခတ်မှုဟာ မနေ့က ဩဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အင်လေးဒေသ တောင်တိုအုပ်စု ဟတ်ပုံးရွာနဲ့ ကြေးပေါခုံအုပ်စု ကန်ခေါင်းရွာက လူနေအိမ်တွေ ခေါင်မိုးလန်တာ အကာအရံတွေပြိုကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အင်းလေးကန်ဒေသက မှီခိုတဲ့ကျေးရွာတွေကမနည်းဘူး။ ဒီနေ့ စာရင်းအရဆို တစ်ရာအထက်မှာရှိတယ်။ နည်းနည်းဖြစ်တာရော များများဖြစ်တာရောပေါ့။ နောက်ထပ်လည်း လိုက်ကြည့်နေပါတယ်။ မိုးကရွာနေတော့ ခရီးကမတွင်ဘူး”လို့ ညောင်ရွှေမြို့နယ်အတွင်းက ဒေသခံပရဟိတလုပ်ဆောင်နေသူ တဦးက New Day Myanmar ကို ပြောပါတယ်။
ယနေ့နောက်ဆုံးရရှိတဲ့ ဒေသတွင်း စာ ရင်းကောက်ယူထားချက်တွေအရ အင်းလေးဒေသ တောင်တိုအုပ်စု ဟတ်ပုံးရွာမှာ နေအိမ် ၅၅ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ကြေးပေါခုံအုပ်စု ကန်ခေါင်းရွာမှာနေ အိမ် ၆၅ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်၂၅ ရက်က ဗီယက်နမ် နိုင်ငံနဲ့ လာအိုနိုင်ငံအထက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တိုက်ဖွန်းမုန်တိုင်း ကာဂျိကိရဲ့ကြွင်းကျန်တိမ်တိုက်
တွေကြောင့် ဩဂုတ်လကုန်ထိ ရှမ်းပြည် နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကရင်နီပြည် နယ်နဲ့ မြန်မာနိုင်ငံနေရာအနှံ့ပြားတို့မှာ မိုးကြီးတာ၊ မြေပြိုတာ၊ တောင်ပြိုကျတာနဲ့ ရေကြီးရေလျှံတာတွေဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူများ အထူးသတိပြုနေ ထိုင်ဖို့ လူထားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန (NUG)အစိုးရက သတိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CJ


