Homeပြည်တွင်းသတင်းထိုင်းမြန်မာနယ်စပ်က မြန်မာလုပ်သားနှစ်ဦးဆီမှာ ကာလဝမ်းရောဂါ ထပ်တွေ့

ထိုင်းမြန်မာနယ်စပ်က မြန်မာလုပ်သားနှစ်ဦးဆီမှာ ကာလဝမ်းရောဂါ ထပ်တွေ့

၁၃ ဇန်နဝါရီ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ် တာ့ခရိုင်၊ မယ်လမတ်ဒေသမှာ ဇန်နဝါရီလ ၁၂ရက်က ကာလဝမ်းရောဂါ လူနာနှစ်ဦး အသစ်တွေ့ရှိတဲ့အတွက် ကာကွယ်ရေးနဲ့ ပြည်သူလူထု အသိပညာပေးမှုတွေ လုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ရေးသားဖော်ပြပါတယ်။

အခု အသစ်တွေ့ရှိရတဲ့ ရောဂါကူးစက်ခံထားရသူ နှစ်ဦးလုံးဟာ မြန်မာအမျိုးသားတွေဖြစ်ပြီး ဘန်ဝမ်ဖရွာထဲက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းနဲ့မြန်မာကူးသန်းနေပြီး ကာလဝမ်းရောဂါပြန့်ပွားစေနိုင်တဲ့အနေအထားရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။

နှစ်ဦးလုံးကို အခုအခါမှာ နယ်စပ်က Shoklo Malaria Research Unit (SMRU)က တင်ထားပြီး ကြပ်မတ်ကုသနေပါတယ်။ ကာလဝမ်းရောဂါလူနာသစ် ထပ်ပြီးတွေ့ရှိရတဲ့အတွက် မယ်လမတ်၊ မယ်ပ၊ မဲဆောက်မြို့နယ်တွေမှာ လမ်းဘေးမှာ အစားအသောက်ရောင်းချမှုတွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

“အရင်တခါလောက်တော့မဆိုးဘူး။ ဒါပေမဲ့မနက်ကတော့ ဈေးထဲကိုလာပြီး ဝမ်းရောဂါအကြောင်းရှင်းပြတာ မသန့်ရှင်းတာတွေမစားခိုင်းတာ ရေသန့်ပဲသောက်ခိုင်းတာတွေပြောတယ်၊ ပြီးတော့ အသုပ်ဆိုင်တို့မုန့်ဟင်းခါးလှည်းတို့ကိုလည်းမဖွင့်ခိုင်းဘူး။ သားငါးဆိုင်တွေလည်း အောက်မှာ ချရောင်းတာတွေ သိမ်းခိုင်းသွားတယ်။ ကိုယ့်အနီးအနားမှာ တစ်ယောက်ယောက်က ဝမ်းလျှောဝမ်းပျက်တာ သိရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့လည်း သေချာမှာသွားပါတယ်”လို့ မဲဆောက်ဈေးမှာရောင်းချနေသူ မြန်မာတစ်ဦးက ပြောပါတယ်။

မြန်မာဘက်က ရွှေကုက္ကိုမြို့မှာ လူနှစ်ဦးသေဆုံးပြီး လူ ၃၀၀ ထိ ကူးစက်ခဲ့တဲ့ ကာလဝမ်းရောဂါကြောင့် တရားမဝင်ရေလမ်းက ကူးဖြတ်လာသူတွေကို တားမြစ်ထားပါတယ်။ ဝမ်းရောဂါဟာ ညစ်ညမ်းတဲ့ရေကတဆင့် ကူးစက်ပြန့်ပွားတာဖြစ်ပြီး အူသိမ်ပိုင်းကို ရောဂါကူးစက်တာဖြစ်ပါတယ်။

ပုံစာ – ထိုင်းမှ မြန်မာဘက်ခြမ်းကို မြင်ရစဉ်နဲ့ ထိုင်းနယ်စပ်စောင့်ကြပ်နေစဉ်

ဓာတ်ပုံ – Screengrab from The Nation

Related News

Most Read