Homeပြည်တွင်းသတင်းဖားကန့်မှာ စစ်ကောင်စီတပ်တွေ စစ် ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွား၊ ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်

ဖားကန့်မှာ စစ်ကောင်စီတပ်တွေ စစ် ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွား၊ ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်

ဇူလိုင် ၂၀၂၅

ကချင်ပြည်နယ် ၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ ကျေးရွာ ၁၀ ရွာကျော်မှာရှိတဲ့ ဒေသခံ ၅၀၀၀ နီးပါး တိုက်ပွဲတွေနဲ့ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ ရတနာမြေပုံ၊ မှော်မောင်းလျှံနဲ့ တောင်ပြို တကြောမှာရှိတဲ့ ‌ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး၊ နီးစပ်ရာဘာသာရေး အဆောက်အဦးတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင် ၆ ရက်နံနက်ပိုင်းမှာလည်း မှော်မောင်းလျှံနဲ့ ဖားကန်မြို့ပေါ်ကကျောက်ဝိုင်းအနီးလက်နက်ကြီးအပြင် ဒရုန်းဗုံး ကျရောက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး ထိမှန်ကာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

“ဒီမနက်၈ နာရီလောက်က ဆွန်ငိုင်ယာန်၊ မော်ဝမ်းလေးနဲ့ ကျောက်စိမ်းတောင်တကြောတိုက်ပွဲတွေဖြစ်နေတယ်။ ဆွတ်ငိုင်ယာန်ရွာမှာတော်တော်ထိတာလေ။ အိမ်တွေလည်း တော်တော်လေးမှန်တယ်။ စစ်သားတွေက ဆွတ်ငိုင်ယာန်ရွာထဲကို အလုံးအရင်းနဲ့ပြန်ဝင်လာတယ်။ ရွာက‌သော့ခတ်ထားတဲ့ အိမ်တွေကို သော့ရိုက်ဖွင့်တယ်။ အမျိုးသမီးတွေ ကလေးတွေရော အသက်ကြီးတဲ့သူတွေ ရွာထဲက ထွက်တော့ဆိုပြီး ပြောသွားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက မြေပြင်ဖြစ်နေတဲ့အခြေအနေကို ပြောပါတယ်။

လတ်တလေ ဖားကန့်ဒေသက တိုက်ပွဲဇုန်ဟာ ဇွန်လအတွင်း လုံးခင်းအုပ်စုမှာဖြစ်ပွားနေရာကနေ အခု ဇူလိုင်လမှာအေး မြသာယာအုပ်စုကို တိုက်ပွဲဇုန်ရွေ့လာတာဖြစ်တယ်လို့သိရပါတယ်။

ဖားကန့်ဒေသမှာ ကျေးရွာအုပ်စုကြီး ၅ စု ရှိနေပြီး၊ လုံးခင်းအုပ်စု ၊ အေးမြသာယာအုပ်စု ၊ ဆိုင်းတောင်အုပ်စု ၊နန့်မဖြစ်အုပ်စုနဲ့ ဟောင်ပါးဆယ်ဝမ်းအုပ်စု တို့ ရှိနေတာပါ။

ဓာတ်ပုံ-CJ (ပေးပို့)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး