၁၀ ဇန်နဝါရီ၊ ၂၀၂၅
လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင် Wang Xing ကို ကယ်တင်ပြီးနောက်မှာ ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့ တရုတ်အမျိုးသားမော်ဒယ်တစ်ဦးကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
တရုတ်မော်ဒယ် ယန်ကျဲ့ချီ (Yang Zeqi) လည်း ထိုင်း မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားကြောင်း ဆွေမျိုးတွေက လူမှုကွန်ယက်မှာ တင်ပြီး အကူအညီတောင်းခံထားကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ အရာရှိချုပ် Thatchai Pitaneelabootက အတည်ပြုခဲ့ပါတယ်။
ယန်ကျဲ့ချီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျောက်ဆုံးပြီး ထိုင်းရဲတပ်ဖွဲ့အကူအညီနဲ့ လွတ်မြောက်လာတဲ့ တရုတ်မင်းသား ဝမ်ရှင်း(Wang Xing) လိုပဲ ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
သူမပျောက်ဆုံးခင်က ယန်ဟာ WeChat ကနေတဆင့် ရုပ်ရှင်ကားမှာ ပါဝင်ဖို့ လူရွေးပွဲအောင်မြင်ကြောင်း စာတစ်စောင်ရခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဒီဇင်ဘာ ၂၀ရက်မှာ ပေကျင်းကနေ VZ3719 ကို စီးနင်းလိုက်ပါလာပြီး သုဝဏ္ဏဘူမိလေဆိပ်ကို မနက် ၆ နာရီ ၁၆ မိနစ်မှာ ရောက်ရှိပြီး ကားတစ်စီးနဲ့ လိုက်ပါလာပါတယ်။
အဲ့ဒီ့နောက်မှာ ယန်ဟာ “ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့” လို့သိထားတဲ့ကားနဲ့ ပြောင်စီးလာပြီး နယ်စပ်ကို ခေါ်ဆောင်ခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ မှာတော့ ယန်ဟာ သူငယ်ချင်းတစ်ဦးကို ဝမ်းနည်းကြောင်း စာပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ သူဟာ မိခင်ဖြစ်သူကိုVideo Call ခေါ်ခဲ့ပြီး အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ခုံတလုံးမှာ ထိုင်နေတာကို တွေ့ရပါတယ်။ သူက စားပွဲပေါ်ကို လက်တင်ထားပြီး လုံခြုံတဲ့အကြောင်း ပြောပေမယ့် သူ့မျက်လုံးမှာ ဒဏ်ရာတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာ သူ့ဖုန်းပိတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုမှုအပြီးမှာပဲ မိသားစုတွေဟာ ရဲစခန်းမှာ အမှုဖွင့်ပြီး ထိုင်းနဲ့ မြန်မာက တရုတ်သံရုံးတွေကို ဆက်သွယ်အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ပျောက်ဆုံးနေတဲ့အမျိုးသမီးဟာ အသက် ၂၁ နှစ်အရွယ် ဝူကျားချီ(Wu Jiaqi) ဖြစ်ပြီး သူ့ဖခင်က ထိုင်းအမျိုးသား ရဲဌာနက ရဲချုပ် Kitrat Phanphetကို အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။ ဝူဟာ ဇန်နဝါရီလ ၆ ရက်က ထိုင်းနိုင်ငံကို ရောက်လာပြီး အဆက်အသွယ်ပြတ်သွားတဲ့အတွက် ဇန်နဝါရီလ ၈ ရက်မှာ သုဝဏ္ဏဘူမိလေဆိပ်က ရဲတွေဆီမှာ တိုင်ကြားချက်ဖွင့်ထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင် Wang ကို ဇန်နဝါရီ ၇ ရက်က ကယ်တင်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ မိသားစုဝင် ၄၈၇ ဦး က အဖွဲ့ဖွဲ့ပြီး အွန်လိုင်းစာမျက်နှာတစ်ခု ဖွင့်၊ အချက်အလက်တွေစုဆောင်းခဲ့ရာမှာ မိသားစု ၁၇၄ ယောက်က ပျောက်ဆုံးနေသူတွေရဲ့ အချက်အလက်တွေ ဖြည့်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။
တချို့ဟာ ထိုင်း-မြန်မာ နယ်စပ်အနီး မြန်မာနိုင်ငံကို ဝင်ရောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး တချို့က တရုတ်နိုင်ငံ ယူနန်နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး ပျောက်ဆုံးသွားခဲ့ကြတာလို့ ဆိုပါတယ်။ ပျောက်ဆုံးသူ အများစုဟာ အသက် ၁၇ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေဖြစ်ပြီး ပျောက်ဆုံးနေတာ ခြောက်လကနေ သုံးနှစ်အထိ ရှိပြီလို့ ဆိုပါတယ်။
ဓာတ်ပုံ – ဘန်ကောက်ပို့စ်