Homeပြည်တွင်းသတင်းထိခိုက်အလွယ်ဆုံးရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်မှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း WFP ပြောဆို

ထိခိုက်အလွယ်ဆုံးရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်မှုဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း WFP ပြောဆို

၁၈ ဒီဇင်ဘာ၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်တပ်မှာ WFP အမှတ်အသားပါတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိတဲ့အတွက် ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

နယ်ခြားစောင့်တပ်တွေအသုံးပြုခဲ့တဲ့ အဆောက်အဦးတစ်ခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိရတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရကြောင်း နဲ့ လက်ရှိမှာ သွားရောက်ရန်ခက်ခဲမှုကြောင့် အတည်မပြုနိုင်သေးကြောင်း WFP က ပြောဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က WFP သိုလှောင်ရုံဟာ ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးခံထားရပြီးနောက်မှာ စစ်ကောင်စီစခန်းမှာ WFP ရိက္ခာအိတ်တွေ တွေ့ရှိရတာဖြစ်ပါတယ်။

ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အလွဲသုံးစားပြုလုပ်မှုမှန်သမျှဟာ လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ အခုလိုလုပ်ရပ်တွေဟာ ကယ်ဆယ်ရေးအထောက်အပံ့တွေကို အရေးပေါ်လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့ WFP က ဆိုပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာကြဖို့ ထပ်လောင်းတောင်းဆိုတယ်လို့ WFP က ပြောဆိုပြီး လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို လေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ တနေ့တခြား ပိုမိုဆိုးရွားနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် နိုင်ငံအနှံ့အပြားမှာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှု အခြေအနေတွေ ပိုမိုဆိုးရွားလာတာ ဖြစ်တယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်မှာ မြန်မာပြည်သူ ၁.၇သန်းကို စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်တွေကတဆင့်အကူအညီပေးထားတယ်လို့လည်း WFP က ပြောဆိုလိုက်ပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာပေးအပ်စဉ်(ပုံဟောင်း)

Photo – UN Myanmar

ဆက်စပ် သတင်းများ

Most read