၁၃ ဒီဇင်ဘာ၊ ၂၀၂၄
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်နယ်စပ်က တချို့နေရာတွေမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲချရာမှာ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုနေကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ၇ ရက်နဲ့ ၈ရက်မှာ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ခမရ ၄၂၂ ကဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ရာမှာ S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် ဗုံးသီးကျရောက်တဲ့ အနီးပတ်ဝန်းကျင်မှာ မီးခိုးအများအပြား ထွက်လာပြီး ရှူရှိက်မိတဲ့ရဲဘော်တွေဟာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္ဓာကိုယ်မလန်းဆန်းခြင်း၊ အားပြတ်ခြင်း စတဲ့ ဝေဒနာတွေ ခံစားခဲ့ရပါတယ်။
အဆိပ်ငွေ့မိတဲ့ ဝေဒနာလက္ခဏာတွေ တွေ့ရှိရတဲ့အတွက် ဗုံးသီးကျရောက်ခဲ့တဲ့နေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
အခုလိုအခြေနေတွေကြောင့် အများပြည်သူတွေအနေနဲ့ သတိကြီးစွာထားပြီး မိမိတို့အနားမှာ ဒရုန်းများ ပျံဝဲနေတာ ၊ တိုက်ခိုက်ခံရတဲ့နေရာတွေနဲ့နီးကပ်နေရင် စူးစမ်းတာမလုပ်ဘဲ လုံခြုံတဲ့နေရာတွေကို ပုန်းခိုရှောင်ရှားဖို့ KNDF ဗဟိုက အကြံပေးထားပါတယ်။
ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်ကောင်စီက ဒရုန်းသုံးပြီး တိုက်ခိုက်မှုတွေ လုပ်လာသလို အဆိပ်ငွေ့ထည့်သွင်းတိုက်ခိုက်တဲ့အတွက် သတိထားကြဖို့ KNDF ဗဟိုက ထုတ်ပြန်ထားပါတယ်။
Photo – KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးဌာန