Homeအထူးသတင်းနွန်သဘူရီ PAO ဥက္ကဋ္ဌနဲ့ ယာဉ်မောင်း သေနတ်ပစ်ခံရ၊ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမတ်ဟောင်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေး

နွန်သဘူရီ PAO ဥက္ကဋ္ဌနဲ့ ယာဉ်မောင်း သေနတ်ပစ်ခံရ၊ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမတ်ဟောင်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေး

ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ နွန်သဘူရီ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ (PAO) ရုံးမှာ ဒီနေ့ ဩဂုတ် ၁၀ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး PAO ဥက္ကဋ္ဌ ရဲမှူးကြီး ထွန်ချိုင် ယန်ပရာဆတ် နဲ့ သူ့ရဲ့ ယာဉ်မောင်းတို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့သူဟာ နွန်သဘူရီ အမတ်ဟောင်း ချလောင် ရီယောင်ဝရန်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပြီး ဖြစ်စဉ်အပြီးမှာ သူ့ကို ဖမ်းဆီးကာ ရဲစခန်းမှာ စစ်ဆေးမေးမြန်းနေပါတယ်။

ကနဦးသတင်းတွေအရ ချလောင်ဟာ နွန်သဘူရီ PAO ရုံးထဲကို ဝင်ရောက်လာပြီး ထွန်ချိုင်နဲ့ သူ့ရဲ့ ယာဉ်မောင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ထွန်ချိုင်ဟာ ကျည် ၄ ချက် ထိမှန်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့တာကြောင့် နှစ်ဦးစလုံးကို ဖရာနန်ကလောင် ဆေးရုံဆီ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို စစ်ဆေးပြီး သက်သေအထောက်အထားတွေ စုဆောင်းတာ၊ မျက်မြင်သက်သေတွေကို မေးမြန်းတာတွေ လုပ်ဆောင်နေသလို ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း ဆက်လက်စုံစမ်းနေပါတယ်။

တစ်ချိန်တည်းမှာပဲ ဖမ်းဆီးခံထားရတဲ့ ချလောင်ကို ရဲစခန်းမှာ မီဒီယာနဲ့ စကားပြောခွင့်ပေးထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အမှတ် (၁) ဒေသရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ်ကြီး ဝူတန် ယီချင် ကတော့ ချလောင်ကို သတင်းစာရှင်းလင်းပွဲလုပ်ခွင့် ပေးခဲ့တာမဟုတ်ဘဲ နစ်နာသူမိသားစုကို တောင်းပန်လိုတယ်လို့ ပြောတာကြောင့် မီဒီယာရှေ့မှာ စကားပြောခွင့် ရခဲ့တာသာ ဖြစ်တယ်လို့ ရှင်းလင်းပါတယ်။

ချလောင်ကို ရဲစခန်းမှာ ထိန်းသိမ်းထားချိန် လက်ထိပ်မခတ်ထားတာနဲ့ စစ်ဆေးမေးမြန်းပြီးနောက် အစည်းအဝေးခန်းထဲမှာ ဆေးလိပ်သောက်နေတာကို မီဒီယာတွေက တွေ့ရှိခဲ့တာကြောင့်လည်း အထူးအခွင့်အရေးပေးထားသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်ကတော့ အမှုကို သက်သေအထောက်အထားနဲ့ မျက်မြင်သက်သေတွေအပေါ် အခြေခံပြီး ဥပဒေအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ ပြောထားပါတယ်။

Related News

Most Read