ဩဂုတ် ၉၊ ၂၀၂၆ | New Day Myanmar
မွန်ပြည်နယ်မှာ ရေးဘီးလူး Facebook Page က တင်ထားတဲ့ ပို့စ်တွေအောက်မှာ Comment ရေးသားတာ၊ Like နဲ့ Reaction ပေးတာတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်အုပ်စုဘက်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတစ်ဦးဟာ “လင်းလက် လမင်း” Facebook အကောင့် အသုံးပြုသူ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဇင်မင်းခိုင် (ခ) မင်းမင်း ဖြစ်ပြီး ဩဂုတ် ၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်–ကျိုက္ခမီကားလမ်းဘေးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ရာမညအသံက ဖော်ပြပါတယ်။
စစ်အုပ်စုဘက်က ထုတ်ပြန်ချက်အရ ဇင်မင်းခိုင်ဟာ ရေးဘီးလူး Facebook Page မှာ မေ ၁၃ ရက်၊ မေ ၃၁ ရက်နဲ့ ဩဂုတ် ၆ ရက်တို့က တင်ထားတဲ့ ပို့စ်တွေအောက်မှာ “ညီကိုရေ သတိတော့ထားပါ”၊ “ဖိုက်တင်းညီကို အရာအားလုံး အထူးသတိရှိပါ” နဲ့ “ခုလိုမြင်ရ ဝမ်းသာပါတယ် ညီကိုရေ အရာအားလုံး ဂရုစိုက်ပါ” စတဲ့ Comment တွေ ရေးသားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် ရေးဘီးလူး Page က တင်တဲ့ ပို့စ်တွေမှာ Comment ရေးသားတာ၊ Like နဲ့ အသည်း Reaction ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပြီး ဇင်မင်းခိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ “Phoo Pwint Wai” အကောင့် အသုံးပြုသူ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပုကိုလည်း ရေးဘီးလူး Facebook Page က ပို့စ်အောက်မှာ Comment ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ် ၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မဖူးပွင့်ဝေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

