ဩဂုတ် ၁၀၊ ၂၀၂၆ | New Day Myanmar
ထိုင်းနဲ့ မြန်မာနိုင်ငံအကြား သဘာဝဓာတ်ငွေ့၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဖို့ နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပြီး ရခိုင်ကမ်းလွန်ရှိ A-6 သဘာဝဓာတ်ငွေ့လုပ်ကွက်မှာ ရင်းနှီးမြှုပ်နှံနိုင်ရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
A6 လုပ်ကွက်ဟာ မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်း ပထမဆုံးသော ရေနက်ပိုင်းက သဘာဝဓာတ်ငွေ့ ထုတ်ယူရန် ရှာဖွေတွေ့ရှိထားတဲ့ကြီးမားတဲ့ စီမံကိန်းလုပ်ကွက် တခုဖြစ်ပါတယ်။
ထိုင်းစွမ်းအင်ဝန်ကြီး Eknat Promphan နဲ့ မြန်မာဘက်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ကိုကိုလွင်တို့ တွေ့ဆုံရာမှာ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ဓာတ်ငွေ့အရောင်းအဝယ်နဲ့ နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားစနစ် ချိတ်ဆက်ရေးတို့ကို အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ထိုင်းအစိုးရပြောခွင့်ရ Ratchada Thanadirek က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် နှစ်ပေါင်း ၄၀ နီးပါး သဘာဝဓာတ်ငွေ့ အဓိကရင်းမြစ်တစ်ခု ဖြစ်ခဲ့ပြီး ရတနာနဲ့ ဇောတိက ဓာတ်ငွေ့စီမံကိန်းတွေက ထွက်ရှိတဲ့ ဓာတ်ငွေ့ဟာ တစ်ချိန်က ထိုင်းနိုင်ငံရဲ့ စုစုပေါင်း သဘာဝဓာတ်ငွေ့လိုအပ်ချက် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကျော်အထိ ဖြည့်ဆည်းပေးခဲ့တယ်လို့ ပြောပါတယ်။
အခုဆွေးနွေးမှုမှာ သက်တမ်းကုန်ဆုံးဖို့ နီးလာတဲ့ ဓာတ်ငွေ့လုပ်ကွက်စာချုပ်တွေ သက်တမ်းတိုးရေးနဲ့အတူ A-6 လို ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်အသစ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
A-6 ကမ်းလွန်လုပ်ကွက်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်တောင်ပိုင်းမှာ တည်ရှိပြီး ဧရိယာ ၉,၈၃၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ ရေအနက် မီတာ ၅၀ ကနေ ၂,၅၀၀ အထိရှိတဲ့ ရေနက်ပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်ပါတယ်။
အဲဒီလုပ်ကွက်မှာ သဘာဝဓာတ်ငွေ့သိုက် အမြောက်အမြား ရှာဖွေတွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လေ့လာမှုနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ထိုင်းအစိုးရဘက်ကတော့ A-6 က ထွက်ရှိလာမယ့် ဓာတ်ငွေ့ကို ပိုက်လိုင်းကတစ်ဆင့် ထိုင်းနိုင်ငံကို ပို့ဆောင်နိုင်မယ့် အလားအလာရှိတယ်လို့ ပြောပါတယ်။
ဒီလို ရင်းမြစ်အသစ်တွေ ထပ်မံရရှိလာရင် ထိုင်းနိုင်ငံအနေနဲ့ စွမ်းအင်ရင်းမြစ်တစ်ခုတည်းအပေါ် အလွန်အကျွံ မှီခိုနေရမှုကို လျှော့ချနိုင်မယ်လို့လည်း ဆိုပါတယ်။
နှစ်နိုင်ငံအကြား နောက်ထပ် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေအတွက် မူဘောင်ချမှတ်နိုင်ဖို့ စွမ်းအင်ကဏ္ဍဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) အသစ်တစ်ရပ် ရေးဆွဲသွားဖို့လည်း စီစဉ်ထားပါတယ်။
ထိုင်းအစိုးရက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ တည်ငြိမ်စွာ ရရှိနိုင်မှုဟာ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းကုန်ကျစရိတ်နဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ ပြောထားပါတယ်။

