ဩဂုတ် ၈၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံဘက်မှာ အာဆင်းနစ်အပါအဝင် အဆိပ်သင့်သတ္တုဓာတ်တွေ စံနှုန်းကျော်လွန်တွေ့ရှိနေတဲ့ နမ့်ခုတ်မြစ် (ကော့မြစ်) ရေအရည်အသွေးဟာ မြန်မာနိုင်ငံသတ်မှတ်စံနှုန်းတွေနဲ့ တိုင်းတာပါက ညစ်ညမ်းမှုမရှိဘူး လို့ စစ်အုပ်စုပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၅ ခုနှစ်ကတည်းက ကျွန်မတို့ တိုင်းတာခဲ့ပါတယ်။ နမ့်ခုတ်မြစ်ထဲမှာ ကျွန်တော်တို့ တိုင်းတာခဲ့တာ ၂၀၂၅ ဇူလိုင်နဲ့ ဩဂုတ်လလွဲလို့ ကျန်တဲ့လတွေသည် WHO နဲ့ရော ထိုင်းသတ်မှတ်ချက် ၀ ပွိုင့် ၀၁ mg/L ရဲ့ အောက်မှာပဲရှိနေတာကို တွေ့ရပါတယ်။ ဇူလိုင်နဲ့ ဩဂုတ်မှာတော့ WHO သတ်မှတ်ချက်ထက် အနည်းငယ်မြင့်နေတာကို မြင်တွေ့ရပါတယ်။ သို့သော် ကျွန်မတို့ရဲ့ သတ်မှတ်ချက်သည် ၀ ပွိုင့် ၀၅ mg/L ဖြစ်တဲ့အတွက် ကျွန်မတို့ နိုင်ငံစံနှုန်းထက်တော့ မကျော်ပါဘူး”လို့ သူက ပြောပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံ Pollution Control Department နဲ့ မဲခေါင်မြစ်ကော်မရှင် (MRC) တို့ရဲ့ စမ်းသပ်ချက်တွေမှာတော့ ကော့မြစ်နဲ့ ဆက်စပ်မြစ်တွေမှာ အာဆင်းနစ်ပါဝင်မှုဟာ သတ်မှတ်စံနှုန်း 0.01 mg/L ထက် ကျော်လွန်နေတဲ့ နေရာအများအပြားကို တွေ့ရှိထားပါတယ်။ MRC က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စောင့်ကြည့်စမ်းသပ်ချက်တွေမှာလည်း ကော့၊ စိုင်း၊ ရွက်နဲ့ မဲခေါင်မြစ်တချို့မှာ အာဆင်းနစ်ညစ်ညမ်းမှု ဆက်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်က ထိုင်းဘက်က ကော့မြစ်ရေကို စမ်းသပ်ရာမှာ နေရာတချို့မှာ အာဆင်းနစ် 0.026 mg/L အထိ တွေ့ရှိခဲ့ပြီး သတ်မှတ်စံနှုန်းထက် နှစ်ဆကျော်ရှိခဲ့တယ်လို့ ထိုင်းသဘာဝပတ်ဝန်းကျင်တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
MRC ကလည်း ကော့မြစ်ရေအရည်အသွေးပြဿနာကို မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံပူးတွဲစောင့်ကြည့်ဖို့ Joint Water Quality Monitoring အစီအစဉ် တည်ထောင်ရေးကို အဆိုပြုခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရေညစ်ညမ်းမှုအဖြစ် ကိုင်တွယ်နေပါတယ်။
ထိုင်းမီဒီယာနဲ့ သုတေသနအဖွဲ့တွေကတော့ ကော့မြစ်ညစ်ညမ်းမှုဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေ၊ မြေရှားသတ္တုနဲ့ တခြားသတ္တုတူးဖော်ရေးလုပ်ငန်းတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းနဲ့ ဆက်စပ်နိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါပေမယ့် ညစ်ညမ်းမှုရဲ့ မူလအရင်းအမြစ်ကို တိတိကျကျ သတ်မှတ်နိုင်ဖို့ နှစ်နိုင်ငံနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေ ပူးတွဲစမ်းသပ်စစ်ဆေးမှု ဆက်လုပ်ဖို့ လိုနေဆဲဖြစ်ပါတယ်။
ဒါကြောင့် မြန်မာစံနှုန်းနဲ့ တိုင်းတာရင် ညစ်ညမ်းမှုမရှိဘူး ဆိုတဲ့ စစ်အုပ်စုဘက်က ပြောဆိုချက်ဟာ ထိုင်းနဲ့ MRC ရဲ့ စမ်းသပ်ချက်တွေနဲ့ ကွဲလွဲနေပြီး၊ နှစ်ဖက် အသုံးပြုထားတဲ့ စံနှုန်း၊ စမ်းသပ်နေရာ၊ စမ်းသပ်ချိန်နဲ့ ဓာတ်ခွဲနည်းစနစ်တွေကို ထုတ်ဖော်နှိုင်းယှဉ်မှသာ အတိအကျ အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

