၉ ဇွန် ၂၀၂၆ | New Day Myanmar
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၊ ဝမ်တိန်-မော်စီ/မန်မန် စက်မှုဇုန်အနီးမှာရှိတဲ့ “Ruining Xinjiang Garment” (စိန်ချွန်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လူမဆန်တဲ့ နှိပ်စက်မှုတွေ၊ လုပ်အားခေါင်းပုံဖြတ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စက်ရုံတွင်း သတင်းရင်းမြစ်ရဲ့ ပြောပြချက်အပေါ် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က အသိပေးထားပါတယ်။
စက်ရုံထဲမှာ ထမင်းကျွေးရင်လည်း ဆန်ကြမ်းတွေ ကျွေးတဲ့အပြင် အချိန်ပို (OT) ဆင်းခိုင်းပြီး ပိုက်ဆံအပြည့်မပေးသလို နားရက်လည်းမရှိဘဲ အလကားခိုင်းနေတာကြောင့် အလုပ်သမားတွေ အိပ်ရေးပျက်ပြီး ကျန်းမာရေးတွေ အလွန်အမင်း ဆိုးရွားနေကြတယ်လို့ ဆိုပါတယ်။
“ထမင်းကျွေးတော့ ကျွေးဆန်စား၊ OT အချိန်ကိုလည်း မမှန်ဘူး။ ပိုက်ဆံလည်း အပြည့်အစုံမပေးဘူး။ လူတွေက အိပ်ချိန်လည်းမရှိ။ အလုပ်က အလွန်လုပ်ရတော့ ကျန်းမာရေးတွေ ထိခိုက်လာကြတယ်။ ပိတ်ရက်လည်း မရှိဘူး။ အလကား ဆင်းပေးရတယ်။ ပိုက်ဆံလည်း မပေးဘူး” လို့ အလုပ်သမားတစ်ဦးရဲ့ ပြောပြချက်အပေါ် STUM က ပြန်လည်ဖော်ပြထားပါတယ်။
ဒီလို ဖိနှိပ်မှုတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမား ၃ ယောက် စက်ရုံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် လမ်းမှာတင် စက်ရုံသူဌေးနဲ့ လုံခြုံရေးတွေ ဖမ်းဆီးတာကို ခံလိုက်ရပြီး လမ်းမပေါ်မှာတင် သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ခဲ့တဲ့ အလုပ်သမားတစ်ယောက်က STUM ကို ပြောပြရာမှာ “စက်ရုံကနေ ထွက်ပြေးတာ ၃ ယောက်။ ချက်ချင်းပဲ သူတို့မိသွားတယ်။ မိတာနဲ့ သူဌေးက လမ်းမှာတင် လုံခြုံရေးတွေကို ရိုက်ခိုင်းတာ ခေါင်းတွေကွဲ ဒဏ်ရာတွေရလို့။ စက်ရုံရောက်တော့လည်း သူဌေးရုံးခန်းထဲ ခေါ်သွားပြီး ထပ်ရိုက်ခိုင်းတယ်။ သူဌေးယောက်ျားကဆို လုံခြုံရေးတွေကို တစ်ခါတည်း အတင်းသတ်ခိုင်းတာ” လို့ ဖြစ်စဉ်ကို ပြောပြပါတယ်။
ဒါ့အပြင် ရန်ကုန်က လာတဲ့ အလုပ်သမားမိန်းကလေးတစ်ယောက် သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိနေပြီး စက်ရုံဘက်ကတော့ ဒီသေဆုံးမှုကို အစဖျောက်ဖို့ ဒေသခံရဲတွေနဲ့ ပူးပေါင်းပြီး လမ်းစဖျောက်ထားတယ်လို့ သိရပါတယ်။
“ရန်ကုန်က ကလေးမလေး ဆုံးသွားတာ အလောင်းတောင် မတွေ့ရတော့ဘူး။ သေတဲ့ကောင်မလေးရဲ့ ညီမတွေကိုလည်း ချက်ချင်း ပြန်လွှတ်လိုက်တယ်” လို့ အလုပ်သမားတွေက ဆိုထားပါတယ်။
လက်ရှိမှာ ထွက်ပြေးလို့ ဦးခေါင်းပြင်းထန် ဒဏ်ရာရထားတဲ့ အလုပ်သမားကိစ္စအမှုကို ဖျောက်ဖျက်ဖို့ စက်ရုံဘက်က ရဲတွေကို ငွေပေးပြီး စီစဉ်နေသလို၊ ဒဏ်ရာရထားတဲ့ ကလေးတွေကိုပါ ငွေမပေးဘဲ ထောင်ချဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောက်နောင် အပြင်ကို သတင်းမပေါက်ကြားစေဖို့ အလုပ်သမားတွေကို ခြိမ်းခြောက်ပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားတယ်လို့ သိရပါတယ်။
စက်ရုံသူဌေးရဲ့ တိုင်ချက်ကြောင့် ရွှေလီရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာအလုပ်သမား ၅၀ ဝန်းကျင်ခန့် ရှိနေပြီး၊ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စာရွက်စာတမ်းတွေ၊ လက်ဗွေနှိပ်တာတွေ အကုန်လုပ်ပြီးပေမယ့် စက်ရုံသူဌေးက ရဲတွေကို ငွေပေးပြီး ဆက်ချုပ်ထားခိုင်းနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ စက်ရုံကနေ လွတ်မြောက်လာပြီး မူဆယ်နယ်စပ်မှာ သောင်တင်နေတဲ့ မြန်မာအလုပ်သမား မိန်းကလေးတွေကလည်း စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရကာ အကူအညီတောင်းခံနေကြတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Ruining Xinjiang Garment (စိန်ချွန်) စက်ရုံမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အသက်အန္တရာယ်နဲ့ ရပိုင်ခွင့်တွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက အမြန်ဆုံး ဝင်ရောက်ကူညီပေးနိုင်ဖို့ အလုပ်သမားတွေနဲ့ မိသားစုဝင်တွေက မျှော်လင့်နေကြတယ်လို့ STUM ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – STUM


