၉ ဇွန် ၂၀၂၆ | New Day Myanmar
နိုင်ငံခြားက လူသုံးကုန်ပစ္စည်းတွေ တင်သွင်းရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စူပါမားကက်တွေနဲ့ စတိုးဆိုင်ကြီးတွေမှာ ပြည်တွင်းထုတ်ကုန်တွေ ပိုမိုနေရာယူလာပေမယ့် အရောင်းအဝယ်အခြေအနေကတော့ အေးစက်နေဆဲဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
အရင်က စူပါမားကက်တွေမှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်း၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက တင်သွင်းလာတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် ၂၀၂၆ ခုနှစ်အတွင်း သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာ၊ နယ်စပ်လမ်းကြောင်းတွေ ကြန့်ကြာတာနဲ့ ငွေလဲနှုန်းမတည်ငြိမ်တာတွေကြောင့် ပြည်ပပစ္စည်းအချို့ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေကြောင့် စူပါမားကက်နဲ့ စတိုးဆိုင်ကြီးတွေက ပစ္စည်းပုံမှန်ပေးပို့နိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ပြည်တွင်းထုတ် အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို ဦးစားပေးရောင်းချလာကြတာ ဖြစ်ပါတယ်။
“အဓိကက သွင်းကုန်လိုင်စင်ရဖို့ ကြန့်ကြာတာနဲ့ လမ်းကြောင်းအခက်အခဲကြောင့် ပစ္စည်းတွေ အချိန်မီမရောက်တာပါ။ ဒေါ်လာဈေးတက်လာတော့ ပြည်ပပစ္စည်းတွေ ဈေးနှုန်းနှစ်ဆနီးပါး မြင့်သွားပြီး စားသုံးသူတွေလည်း မဝယ်နိုင်တော့ဘူး။ ဒါကြောင့် အခု ကျွန်တော်တို့ဆိုင်မှာ ရောင်းချနေတဲ့ ပစ္စည်း ၆၀ ရာခိုင်နှုန်းကျော်က ပြည်တွင်းထုတ်တံဆိပ်တွေ ဖြစ်လာတယ်” လို့ စူပါမားကက်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဈေးကွက်အတွင်း ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုဟာ အရင်နှစ်တွေထက် ၃၅ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ထုပ်ပိုးမှုနဲ့ အရည်အသွေးပိုင်းမှာလည်း တိုးတက်လာပေမယ့် စားသုံးသူတွေရဲ့ ဝယ်လိုအားကတော့ မျှော်လင့်ထားသလောက် မြင့်တက်မလာသေးဘူးလို့ သိရပါတယ်။
ဈေးကွက်လေ့လာသူတွေက လက်ရှိ ပြည်ပပစ္စည်းတင်သွင်းမှု အခက်အခဲတွေဟာ ပြည်တွင်း အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (MSME) အတွက် ဈေးကွက်ဝေစု တိုးချဲ့နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပေမယ့် စားသုံးသူယုံကြည်မှု ရအောင် အရည်အသွေးကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။
“ပြည်တွင်းထုတ်ကုန်တွေ နေရာပိုယူလာတာက ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် စားသုံးသူယုံကြည်မှုရဖို့ အရည်အသွေးကို ဆက်ထိန်းထားနိုင်ဖို့ လိုတယ်။ မဟုတ်ရင် ရောင်းအားက ဆက်ပြီး အေးနေဦးမှာပဲ” လို့ ပြည်တွင်းဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။


