Homeနိုင်ငံတကာသတင်းပင်လယ်ပြင်မှာ မိုင်နဲ့ချီရေကူးပြီး မိသားစုကို ကယ်တင်နိုင်ခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ဩစတေးလျ လူငယ်

ပင်လယ်ပြင်မှာ မိုင်နဲ့ချီရေကူးပြီး မိသားစုကို ကယ်တင်နိုင်ခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ဩစတေးလျ လူငယ်

၅ ဖေဖော်ဝါရီ ၂၀၂၆

ဩစတေးလျနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးက လှိုင်းပြင်းထန်တဲ့ ပင်လယ်ပြင်မှ မိုင်နဲ့ချီ ရေကူးပြီး မိသားစုဝင်တွေကို ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့က Appelbee မိသားစုဟာ လှေနဲ့ Stand-up Paddleboard တွေ အသုံးပြုပြီး ပင်လယ်ပြင်ထဲ အပန်းဖြေခရီးထွက်ခွာခဲ့ကြရာ၊ ကမ်းခြေကနေ ထွက်ခွာပြီး တစ်နာရီခန့်အကြာမှာ ရာသီဥတု ရုတ်တရက် ပြောင်းလဲသွားပြီး လှိုင်းလေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

လှိုင်းကြီးလာတာကြောင့် လှေထဲကို ရေဝင်လာပြီး အသက်ကယ်အင်္ကျီ မပါရှိတဲ့ အခြေအနေမှာ သားကြီးဖြစ်တဲ့ Austin Appelbee ကို ကမ်းခြေဘက် ရေကူးပြီး အကူအညီရှာဖွေဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

Austin ဟာ လှိုင်းဒဏ်ပြင်းထန်တဲ့ သမုဒ္ဒရာအတွင်း ခန့်မှန်းခြေ မိုင် ၂ မိုင်ကျော်ကို ၄ နာရီကြာ မနားတမ်း ရေကူးခဲ့ပြီး၊ ကမ်းခြေကို ရောက်ရှိချိန်မှာတော့ ပင်ပန်းနွမ်းနယ်မှုကြောင့် လဲကျသွားခဲ့ပေမယ့် မိသားစုကို ကယ်တင်ဖို့အတွက် သဲသောင်ပြင်တလျှောက် မိုင်တစ်မိုင်ခန့် ထပ်မံပြေးလွှားပြီး ဖုန်းတစ်လုံးကို ရှာဖွေတွေ့ရှိကာ အရေးပေါ်ဌာနကို ဆက်သွယ်နိုင်ခဲ့ပါတယ်။

အကြောင်းကြားချက်ရရှိပြီးနောက် Australian Maritime Safety Authority (AMSA) က ကယ်ဆယ်ရေးလှေတွေကို ချက်ချင်း စေလွှတ်ခဲ့ပြီး ပင်လယ်ပြင်မှာ လှေနဲ့မျောပါနေတဲ့ မိခင်နဲ့ ကလေးငယ်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ဟာ အသက်အန္တရာယ် ကြီးမားတဲ့ အခြေအနေအတွင်း လူငယ်တစ်ဦးက ပြသနိုင်ခဲ့တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကို ထင်ရှားစွာ ပြသလိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားထားပါတယ်။

#AustinAppelbee#သမုဒ္ဒရာအန္တရာယ်#မိသားစုကယ်တင်မှု#လူငယ်သူရဲကောင်း#Australia

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး