မိတ္ထီလာမြို့မှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို စောင်နဲ့ထုတ်ပြီး စွန့်ပစ်ထားတဲ့ဖြစ် စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ဘယ်အချိန်က လာပစ်သွားတယ်ဆိုတာကိုမသိရပေမဲ့ မနေ့ စက်တင်ဘာ ၁၅ရက် နံနက် ၇ နာရီအချိန်မှာ နန်းတော်ကုန်း ရှင်းလင်းဆောင် အရှေ့ဘက်ကန်စပ် သံဘောင်တန်းတွေပြုတ်တဲ့နေရာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“လမ်းသွားလမ်းလာတွေကတွေ့လို့ သက် ဆိုင်ရာကိုအကြောင်းကြားတာပေါ့။လောလောဆယ်က သေဆုံးသူက ဘယ်သူမှန်းမသိရသေးဘူး။ ဘယ်ကလာတဲ့သူဆိုတာလဲ စုံစမ်းနေတယ်။ ခန္ဓာကိုယ်အရှေ့ဘက်နဲ့အနောက်ဘက်မှာ ဓားဒဏ်ရာတွေရှိတယ်၊ လက်မှာလည်း ပြတ်ရှဒဏ်ရာတွေနဲ့၊ စောင်အနီရောင်ကြီးနဲ့ ထုတ်ပြီး ပစ်သွားတာ”ဟု ဆိုသည်။
သေဆုံးအမျိုးသားမှာ အသက် ၃၀ အရွယ်ခန့်ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး၊ လတ်တလောမှာ ပိုင်ရှင်မဲ့အဖြစ်သတ် မှတ်ကာ မိတ္ထီလာပြည်သူ့ဆေးရုံကိုပို့ ဆောင်ထားရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ဝန်ဇင်းလူငယ်အသင်း


