Homeပြည်တွင်းသတင်းအာဏာသိမ်းကာလမှာ လူမှုကွန်ရက်ကနေ စစ်ကောင်စီကို ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိလာ

အာဏာသိမ်းကာလမှာ လူမှုကွန်ရက်ကနေ စစ်ကောင်စီကို ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးရှိလာ

၁၉ စက်တင်ဘာ၊ ၂၀၂၄


စစ်တပ်ကအာဏာကသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန် ရေးသားလို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦးအထိရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း ရန်ကုန်နဲ့ မန္တလေးတိုင်းတွေက ပြည်သူတွေ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရတာ အများဆုံးဖြစ်ပြီး အဲဒီဒေသနှစ်ခုမှာတင် ဖမ်းဆီးခံရသူ ၈၀၆ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာတော့ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ အရေအတွက် ၂၀၂ ဦးရှိထားကြောင်း Data for Myanmar က ဖော်ပြပါတယ်။ သုံးနှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံရသူအရေအတွက် စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ အဖမ်းခံရသူအများစုဟာ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ ရေးသားလို့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ တခြား လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok၊ Telegram နဲ့ Viber မှာ ရေးသားလို့ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းပေါ်က ရေသားပြောဆိုမှုတွေကို စစ်ကောင်စီဘက်က စောင့်ကြည့်ပြီး အရေးယူတာရှိသလို စစ်ဆေးရေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေကလည်း အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူနိုင်အောင် ကိုယ်ရေးအချက်အလက်တွေ စုဆောင်းပေးပို့တာနဲ့ ဖိအားပေး တိုက်တွန်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကို ထောက်ခံတဲ့ Telegram Channel တွေမှာ စစ်ကောင်စီကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သူတွေကို ဖမ်းဖို့ လှုံ့ဆော်တာရှိတယ်၊ ကျွန်မကိုယ်တိုင် စစ်ကောင်စီက တာမွေမှာ ညဘက်ကြီး လူငယ်တွေကို ပစ်သတ်တဲ့ ကိစ္စကို Facebook ပေါ်မှာ ဝေဖန်လို့ဆိုပြီး နာမည်၊ လိပ်စာနဲ့တကွ ကျွန်မကို ဖမ်းဖို့ လှုံ့ဆော်တာကြောင့် ထိုင်းကို ချက်ချင်းထွက်ပြေးခဲ့ရတယ်။”လို့ ကိုယ်တိုင်ကြုံတွေခဲ့သူ အမျိုးသမီးတဦးကပြောပါတယ်။

စစ်ကောင်စီကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read