Homeပြည်တွင်းသတင်းအရပ်သားသေဆုံးမှုမြင့်တက်လာတာကို ရှုံ့ချကြောင်း UNOCHA ထုတ်ပြန်

အရပ်သားသေဆုံးမှုမြင့်တက်လာတာကို ရှုံ့ချကြောင်း UNOCHA ထုတ်ပြန်

၁၃ သြဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အကြမ်းဖက်မှု မြင့်တက်လာပြီး အရပ်သားသေဆုံးမှုတွေ မြင့်တက်လာတဲ့အတွက် ကုလသမဂ္ဂက ရှုံ့ချကြောင်း သြဂုတ် ၁၁ ရက်မှာ UNOCHA က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ ရှမ်းပြည်နယ် လားရှိုးမြို့က အရပ်သားပြည်သူတွေအနေနဲ့ တိုက်ပွဲက ထွက်ပြေးဖို့ ကြိုးစားရာက သေဆုံးမှုတွေရှိနေတာကို ကုလသမဂ္ဂအနေနဲ့ ကြားသိရကြောင်း ဖော်ပြပါတယ်။

ဒီဖြစ်ရပ်တွေဟာ ပြင်းထန်တဲ့ ပဋိပက္ခရဲ့ တစိတ်တပိုင်း ဖြစ်ပြီး သန်းပေါင်းများစွာသော အရပ်သားပြည်သူတွေဟာ ရက်စက်တဲ့ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်တာကို ခံနေရတယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေနဲ့ သက်ဆိုင်နေတဲ့ အဖွဲ့အစည်းတွေကို International Humanitarian Law အရ အရပ်သားတွေနဲ့ အရပ်သားပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပြီး အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုတွေကို ခွင့်ပြုပေးဖို့ ကုလက တောင်းဆိုပါတယ်။

ပိုပြီးဆိုးလာတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်သူ ၁၈.၆သန်းဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပြီး ဒီထဲက ၆သန်းဟာ ကလေးသူငယ်တွေ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် လူသားချင်းစာနာမှုအကူအညီပေးဖို့ ရံပုံငွေမှာ မလုံလောက်သေးဘဲ လျာထားချက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းရဲ့ ၂၁ ရာခိုင်နှုန်း သို့မဟုတ် ၂၁၄ သန်း သာ ရထားပါတယ်။ နိုင်ငံတဝန်းက ပြည်သူ ၅.၃ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ကြေညာချက်မှာပါဝင်ပါတယ်။

ပုံစာ- သြဂုတ်လ ၅ရက်မှာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်စဥ်

ပုံ – TNLA

ဆက်စပ် သတင်းများ

Most read