Homeပြည်တွင်းသတင်းအမေရိကန်ရောက် မြန်မာဒုက္ခသည် သေဆုံးမှုကို ဖက်ဒရယ်အဆင့် စုံစမ်းစစ်ဆေးရန် လွှတ်တော်အမတ်များ တောင်းဆို

အမေရိကန်ရောက် မြန်မာဒုက္ခသည် သေဆုံးမှုကို ဖက်ဒရယ်အဆင့် စုံစမ်းစစ်ဆေးရန် လွှတ်တော်အမတ်များ တောင်းဆို

၇ မတ်လ ၂၀၂၆ | New Day Myanmar

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် Buffalo မြို့မှာ မြန်မာနိုင်ငံက ရောက်ရှိလာတဲ့ ဒုက္ခသည်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖက်ဒရယ်အဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

ကွယ်လွန်သူဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ **Nurul Amin Shah Alam** ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အမေရိကန်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ် လွှတ်တော်အမတ် **Tim Kennedy**၊ Congressional Asian Pacific American Caucus (CAPAC) ဥက္ကဋ္ဌ **Grace Meng**၊ အမိမြေလုံခြုံရေးကော်မတီ အဆင့်မြင့်အဖွဲ့ဝင် **Bennie Thompson** နဲ့ တရားစီရင်ရေးကော်မတီ အဆင့်မြင့်အဖွဲ့ဝင် **Jamie Raskin** တို့က အမိမြေလုံခြုံရေးဝန်ကြီး **Kristi Noem** ထံ စာပေးပို့ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေက Shah Alam သေဆုံးမှုဟာ “ကိုယ်ကျင့်တရားဆိုင်ရာ ကျဆုံးမှု” ဖြစ်တယ်လို့ ပြင်းထန်စွာ ဝေဖန်ထားပါတယ်။

အချက်အလက်တွေအရ Shah Alam ဟာ မျက်စိအမြင်အာရုံ အလွန်အားနည်းသူဖြစ်ပြီး အင်္ဂလိပ်ဘာသာ မပြောနိုင်သလို သူစိမ်းနေရာတွေမှာ မိမိဘာသာ လမ်းရှာသွားလာနိုင်တဲ့ အခြေအနေ မရှိသူလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာ အမေရိကန် နယ်စပ်ကင်းလှည့်တပ်ဖွဲ့ (USBP) က သူ့ကို Erie County ထိန်းသိမ်းရေးစခန်းကနေ ပြန်လွှတ်ပေးခဲ့ပြီးနောက် မိသားစုရှိတဲ့နေရာကို မပို့ဘဲ နေအိမ်နဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာမှာ ချထားခဲ့တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ Shah Alam ကို သေဆုံးနေတဲ့အခြေအနေမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဘက်က Shah Alam ကို “နွေးထွေးပြီး ဘေးကင်းတဲ့နေရာ” မှာ ထားခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဗီဒီယိုမှတ်တမ်းတွေကတော့ သူ့ကို ပိတ်ထားတဲ့ ကော်ဖီဆိုင်တစ်ခုရှေ့မှာ ချထားခဲ့တာကို ပြသနေတယ်လို့ လွှတ်တော်အမတ် Grace Meng က ပြောပါတယ်။

လွှတ်တော်အမတ်တွေက အမိမြေလုံခြုံရေးဝန်ကြီးဌာနကို ဖြစ်စဉ်အပြည့်အစုံကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်၊ ပြန်လွှတ်ပေးမှုနဲ့ ပို့ဆောင်ရေးမူဝါဒတွေကို ရှင်းလင်းရန််၊ တာဝန်ပျက်ကွက်ခဲ့သူတွေကို အရေးယူရန် တို့ကို တောင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်ဟာ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ အမေရိကန် ဖက်ဒရယ်အာဏာပိုင်တွေရဲ့ တာဝန်ယူမှုအပေါ် ပြင်းထန်တဲ့ မေးခွန်းတွေ ထွက်ပေါ်လာစေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး