၆ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံရဲ့ ၂၇ ကြိမ်မြောက် ပြည်သူ့လွှတ်တော်မှာ အသက် ၂၅ နှစ်နဲ့ အငယ်ဆုံး လွှတ်တော်အမတ်အဖြစ် စံချိန်တင်ထားတဲ့ ဘူမ်ဂျိုင်ထိုင်းပါတီက ဘူရီယမ်နယ်မြေ (၂) ကိုယ်စားလှယ် နတ်သီတာ လက်ကူဒုံကန် (ခ) “နောင်ပလွိုင်” က လွှတ်တော်လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
“နောင်ပလွိုင်” ဟာ ဘူရီယမ်ယူနိုက်တက် ဘောလုံးအသင်းဥက္ကဋ္ဌ နေဝင်းချစ်ချော့ရဲ့ တူမလည်း ဖြစ်ပြီး ကြာသပတေးနေ့က လွှတ်တော်ကို လာရောက်သတင်းပို့ပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောခဲ့တာပါ။
သူမက လွှတ်တော်အတွင်း အသက်အငယ်ဆုံး အမတ်ဖြစ်ပေမယ့် တာဝန်ထမ်းဆောင်ရမယ့်အပေါ် စိုးရိမ်မှုမရှိဘူးလို့ ဆိုပါတယ်။
“ပြည်သူတွေရဲ့ မျှော်လင့်ချက် ဘယ်လောက်မြင့်မလဲဆိုတာ မသိနိုင်ပေမယ့် ကျွန်မဘက်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ သူမက ပြောပါတယ်။
နိုင်ငံရေးလောကထဲ မဝင်ခင်က လွှတ်တော်လုပ်ငန်းတွေကို နားလည်နိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့လည်း နတ်သီတာက ဝန်ခံပါတယ်။
ဒါ့အပြင် လွှတ်တော်အတွင်းမှာ နိုင်ငံရဲ့ လက်ရှိလိုအပ်ချက်တွေကို အရင်ဆုံး လေ့လာစောင့်ကြည့်သွားပြီး ကိုယ်တိုင် ဝါသနာပါတဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ရေးအတွက် အနာဂတ်မှာ ဆောင်ရွက်လိုတယ်လို့လည်း သူမက ပြောပါတယ်။
နတ်သီတာက နယ်မြေအတွင်း ကွင်းဆင်းလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဘူရီယမ်ဒေသခံတွေနဲ့ ပြည်သူတွေအတွက် အကျိုးရှိအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။


