Homeပြည်တွင်းသတင်းVPN သုံးရင် အရေးယူမယ်လို့ ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီ မြို့လည်ခေါင်မှာပါ ဖုန်းယူစစ်ပြီး ညပိုင်းတွေဆို ဧည့်စာရင်းစစ် ဖုန်းစစ်တာတွေ ခပ်စိတ်စိတ်လုပ်ဆောင်

VPN သုံးရင် အရေးယူမယ်လို့ ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီ မြို့လည်ခေါင်မှာပါ ဖုန်းယူစစ်ပြီး ညပိုင်းတွေဆို ဧည့်စာရင်းစစ် ဖုန်းစစ်တာတွေ ခပ်စိတ်စိတ်လုပ်ဆောင်

၁၅ ဇွန်၊ ၂၀၂၄

ရန်ကုန်မြို့ပေါ် မှာ Shopping Center တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖုန်းတွေ စစ်ဆေးတာ ၊ လူနေ ရပ်ကွက်တွေမှာ ဧည့်စာရင်း ဝင်စစ်တာတွေကို စစ်ကောင်စီ စစ်တပ်နဲ့ ရဲတို့ပေါင်းပြီး အခုရက်ပိုင်း ခပ်စိတ်စိ တ် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဇွန်လ ၁၃ရက်က ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် Pan Pacific Hotel တည်ရှိရာ Junction City မှာ စစ်ကောင်စီတပ်တွေက ဈေးဝယ်လာသူ တချို့ရဲ့ ဖုန်းတွေကို ယူစစ်ခဲ့တယ်လို့ သိရပါတယ်။

vpn အသုံးပြုတာကို တွေ့ရင် ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ၂၀၂၂ ခုနှစ်က ဆက်သွယ်ရေး ဥပဒေကို စတင်အသက်ဝင်ပြီလို့ ကြေညာခြင်းမရှိပေမဲ့ vpn သုံးသူတွေကို လိုက်ပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။

” တချို့လူတွေရဲ့ဖုန်းကိုတော့ စစ်တယ် ။ လူတိုင်းကိုတော့ မစစ်ဘူး။ vpn စစ်တာလား သူတို့ မသင်ကာတဲ့သူ သတင်းရထားလို့လာရှာတာလားတော့မသိဘူး ။ လိုရမယ်ရ vpn ဖျက်ပြီး အပြင်ထွက်တာပဲ ကောင်းတယ်” လို့ အဲ့ဒီ့နေ့က ကြုံခဲ့သူအမျိုးသမီးတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

အခု ရက်ပိုင်းမှာ ဧည့်စာရင်းကို ခပ်စိတ်စိတ် ဝင်စစ်ပြီး ဧည့်စာရင်းစစ်ရင် အထောက်အထား မှတ်ပုံတင် တွေသာမက ဖုန်းတွေကိုပါ ယူစစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ လှိုင်မြို့နယ် ၊ ကမာရွတ်မြို့ နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်တွေမှာ ဒီရက်ပိုင်း အဆောင်တွေကို အဓိကထား ဧည့်စာရင်း ဝင်စစ် နေပြီး ဖုန်းတွေကိုပါ ယူစစ်ခဲ့တယ်လို့ သိရပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ” တနေ့ညက အနောက်လမ်း ၂ လမ်းကို ဧည့်စာရင်းလာစစ်တယ်။ အိမ်မှာလည်း သားက စစ်မှုထမ်းရမယ့်အသက်မီတော့ စိတ်ပူနေတာ ၊ သူတို့တွေ နောက်လမ်း ၁၅၉ လမ်းနဲ့ လမ်း ၁၆၀ ဘက်ကိုပဲ စစ်သွားတယ်။ သူတို့ အသက်ပြည့်သူတွေကို စစ်မှုထမ်းမှာလား မေးသွားတယ်။ လက်မှတ်ထိုးခိုင်းတာတော့ မကြားဘူး ။ ဖုန်းတွေလဲ ယူစစ်သွားတယ်လို့ ကြားတယ်။ VPN စစ်တာလို့ ပြောတယ်” လို့ New Day Myanmar ကို ပြောပါတယ်။

“vpn စစ်တာလား ၊ တခြားဟာတွေ စစ်တာလားမသိဘူး၊ ကျွန်တော်က အကောင့် နှစ်ခု ရှိတော့ လမ်းသွားရင် ဘာမှ မတင်ထားတဲ့အကောင့်ကိုပဲပြောင်းသုံးတယ်။ VPN လည်း ဖျက်ထားတယ်။ ဟိုတစ်နေ့က ကျွန်တော် အလုပ်က အပြန် နောက်ကျတော့ ရန်ကင်းနားမှာ စီးလာတဲ့ တက်စီကို တားပြီး လူကို ဆင်းခိုင်းတယ် ကား ပေါ် ကို လည်း မီးနဲ့ထိုးရှာတယ်။ အိတ်တွေလဲ စစ်တယ်။ ဖုန်းကိုလဲ သေချာ စစ်တယ် ။ Album တွေဆိုလည်း ဖျက်ထားတဲ့အထဲထိ ရှာတယ်။ facebook viber အကုန်ရှာသွားတယ်။ facebook ဆို အရင်တုန်းက ပုံတွေအထိ ရှာသွားတယ်။ ပို့စ်တွေသေချာဖတ်သွားတယ်” လို့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဥပဒေအရ VPN ဒါမှမဟုတ် အလားတူနည်းပညာကို သုံးပြီး ကွန်ရက်ကို ဝင်ရောက်တာကို စစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် တစ်နှစ်က သုံးနှစ်ထိ၊ ဒါမှမဟုတ် ငွေဒဏ် သိန်း ၅၀ အထိ ၊ ဒါမှမစုတ် ဒဏ် နှစ်ရပ်လုံး ချမှတ်ခံရမှာ ဖြစ်ပါတယ်။

တချို့နေရာတွေမှာ vpn သုံးစွဲတာမိရင် သိန်းဂဏန်းထိ ပေးပြီးလွတ်အောင် လုပ်ရတာမျိုးတွေလည်း ရှိနေ တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read